ကန်နဲ့ တရုတ် အေပက် မိန့်ခွန်းတွေ ကွဲလွဲ

ဓာတ်ပုံ မူပိုင် MIKHAIL KLIMENTYEV
Image caption ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ခေါင်းဆောင် တွေ တက်ရောက်

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ခေါ် အေပက် ထိပ်သီး အစည်း အဝေးကို အမေရိကန် တရုတ် စတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံက ခေါင်းဆောင် တွေ တက်ရောက် နေပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက် မိန့်ခွန်း ပြောခဲ့တဲ့ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းက ကွဲလွဲချက်တွေ ရှိနေပါတယ်။

အမေရိကန်သမ္မတ ထရမ့်က ကုန်သွယ်ရေးမှာ သူ့နိုင်ငံအကျိုးကိုပဲ အမြဲ ဦးစားပေးမယ်လို့ပြောပေမယ့် တရုတ်သမ္မတ ရှီဂျင်ပင်းကတော့ လွတ်လပ်စွာ ကုန်သွယ်ရေး ဦးစားပေးမယ် ဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံကြီး ၂ ခုက ခေါင်းဆောင်တွေရဲ့ အမြင်တွေ သိသိသာသာ ခြားနားနေပါတယ်။

တရုတ်သမ္မတ ရှီဂျင်ပင်းက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ ကမ္ဘာလွှမ်းခြုံ ကူးလူးဆက်ဆံမှု ဖြစ်စဉ်ရဲ့ လွှမ်းမိုးမှုကို နောက်ကြောင်းပြန်ဖို့ မဖြစ်နိုင်တော့ပေမယ့် ဒီဖြစ်စဉ်ကနေ အကျိုးသက်ရောက်မှုက မျှတဖို့နဲ့ နိုင်ငံအားလုံး ပါဝင် အကျိုးဖြစ်ထွန်းရေး ပိုလုပ်ဖို့ လိုကြောင်း အစည်းအဝေးမှာ မှတ်ချက် ပေးခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကန် နဲ့ တရုတ် နွေးထွေးလာပြီလား

APEC ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတထရမ့် မိန့်ခွန်းပြောဖို့ရှိ

အမေရိကန်ဟာ တခြားနိုင်ငံကတွေ စီးပွားရေးအရ လာအမြတ်ထုတ်တာ မခံတော့ဘဲ ပြန်လည် တုန့်ပြန်မှာ ဖြစ်ပေမယ့် ပို့ကုန်ကို ပေါက်ဈေးထက် အလွန်အကျွံလျှော့ ရောင်းတာ၊ နည်းပညာ မူပိုင်ခွင့်ခိုးတာနဲ့ ငွေကြေး ကစားတဲ့ နည်းတွေကိုတော့ မသုံးဘူးလို့ အမေရိကန်သမ္မတ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မစ္စတာ ထရမ့်က အမေရိကန်ဟာ အိန္ဒိယနဲ့ ပဖိတ် သမုဒ္ဒရာ တဝိုက်က နိုင်ငံတွေနဲ့ အရင်ကရော နောင်မှာပါ မိတ်ဘက်နိုင်ငံတွေ အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး အမေရိကန်က ဒီဒေသကို ကူညီပြီး တိုးတက်လာတာ မြင်ရတဲ့အတွက် အမေရိကန် အနေနဲ့ အထူး ဝမ်းသာပါတယ်လို့ ပြောခဲ့ပါတယ်။

အေပက်အဖွဲ့မှာ ပစိဖိတ်ဒေသတွင်း ၂၁ နိုင်ငံ ပါဝင်ပြီး ကမ္ဘာရဲ့ အသားတင် ကုန်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်း နီးပါးလည်း ရှိနေပါတယ်။

ဒီအစည်းအဝေး ကို ဗီယက်နမ် ဒါနန်းမှာ ကျင်းပနေပြီး ကမ္ဘာ စီးပွားရေးအင်အားကြီး နိုင်ငံတွေ တက်ရောက်နေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မျှတတဲ့ ကုန်သွယ်မှုကို လိုက်နာဖို့လို

အမေရိကန်အကျိုးစီးပွား ပထမဦးစားပေး

ဒီအစည်းအဝေးမှာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ပထမဦးစားပေးပြီးတော့ အေပက်နိုင်ငံတွေအနေနဲ့ မျှတတဲ့ ကုန်သွယ်မှုကို လိုက်နာဖို့ ထရမ့်က ပြောပါတယ်။

လက်ရှိ မမျှမတဖြစ်နေတဲ့ ကုန်သွယ်မှုက လက်မခံနိုင်စရာပါ၊ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး အသာစီး ရယူထားတဲ့ တရုတ်နဲ့ တခြားနိုင်ငံတွေကို အပြစ်တင်မှာ မဟုတ်ပါဘူး၊ အမေရိကန် အပေါ် အသာစီး ရယူနေတာ ကိုလည်း ခွင့်ပြုသွားမှာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

အမေရိကန်ရဲ့ ပထဝီ နိုင်ငံရေး အမြင်နဲ့ အာရှကို အင်ဒို ပစိဖိတ်လို့ ရည်ညွန်းပြီး သူ့ရဲ့ မိန့်ခွန်းမှာ ထူးထူးခြားခြား သုံးနှုန်းသွားသလို အင်ဒို ပစိဖိတ် လက်တွဲဖော်တွေနဲ့ မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ လုပ်သွားမယ် လို့လည်း သူက ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး နည်းဥပဒေတွေ ချမှတ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့ အဖွဲ့ဝင်တွေက ဥပဒေတွေကို မလေးစားရင် ကောင်းကောင်း လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ လည်း ထရမ့်က ဝေဖန်လိုက် ပါတယ်။

အေပက် အဖွဲ့ဝင် နိုင်ငံတွေကိုတော့ တိုက်ရိုက် အပြစ်မတင်ခဲ့ပါဘူး။

အမေရိကန် ဈေးကွက်ထဲ ဝင်ရောက်ဖို့ အတားအဆီး အခက်အခဲ တွေကို လျှော့ချပေမယ့် တခြားနိုင်ငံတွေက အပြန်အလှန် အကောင်အထည် ဖော်တာမရှိဘူးလို့ သူက ပြောပါတယ်။

ဒါကြောင့် နိုင်ငံသားတွေကို ထိခိုက်သလို လွတ်လပ်တဲ့ ကုန်သွယ် ခွင့်က အမေရိကန် နိုင်ငံသားတွေရဲ့ သန်းနဲ့ချီတဲ့ အလုပ်ကိုင်တွေကို ထိခိုက်တယ်လို့ ထရမ့်က ပြောပါတယ်။

ယုံကြည်မှုရှိရှိနဲ့ ခိုင်ခိုင်မာမာ ပြောကြားတဲ့ ထရမ့်ရဲ့မိန့်ခွန်းလို့ ဘီဘီစီသတင်းထောက် ဂျိုနသန် ဟတ်က သုံးသပ်ပါတယ်။

သူမိန့်ခွန်းဟာ အေပက်အဖွဲ့ဝင် တွေကို ချီးကျူးခဲ့ သလို တဘက်မှာ အမေရိကန်ရဲ့ အကျိုးအမြတ်မရှိတဲ့ ကုန်သွယ်ရေး ဖြစ်စဉ်တွေကို ထုတ်ဖော် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လည်း ထရမ့် သမ္မတ ဖြစ်လာပြီးတော့ အမေရိကန်ရဲ့ အကျိုးစီးပွားကို အဓိကထား အကောင်ထည်ဖော်ခဲ့ တာပါ။ အေပက်အဖွဲ့ဝင် ၁၂ နိုင်ငံနဲ့ အဓိက စီးပွားရေး သဘောတူညီချက်တွေ လုပ်တဲ့ ပစိဖိတ် ဒေသတွင်း နိုင်ငံများကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (အေပီပီအေ) က အမေရိကန်ရဲ့ စီးပွားရေး အကျိုး အမြတ်ကို ထိခိုက်လို့ နှုတ်ထွက်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို လာဖို့ မြောက်ကိုရီးယား ကို ထရမ့် ဖိတ်ခေါ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့် တရုတ်ပြည်ရောက်ရှိ

ဆင်းရဲတဲ့ နိုင်ငံတွေကို ကာကွယ်

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING / POOL
Image caption ဂလိုဘယ် လိုင်ဇေးရှင်းမှာ အကြီးအကျယ် ပြောင်းလဲနေတာမြင်

ထရမ့်က အမေရိကန် အကျိုးစီးပွား ဦးစားပေး ပြောဆိုပေမယ့် တရုတ်သမ္မတ ရှီဂျင်ပင်းက ဆင်းရဲတဲ့ နိုင်ငံတွေကို ကာကွယ်ပေးတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ ကုန်သွယ်မှုကို ဘက်ပေါင်းစုံ ပါဝင်တဲ့ ကုန်သွယ်မှုကို အလေးထား ပြောပါတယ်။

စီးပွားရေး ဂလိုဘယ် လိုင်ဇေးရှင်းမှာ အကြီးအကျယ် ပြောင်းလဲနေတာကို မြင်ရပါ တယ်။ အရင် ဆယ်စုနှစ်လောက်က ကမ္ဘာကြီးရဲ့ တိုးတက်မှုမှာ စီးပွားရေး ဂလိုဘယ် လိုင်ဇေးရှင်းက သိသိသာသာကို ပါဝင်ခဲ့တာပါ။ ဒါဟာ ပြန်ပြောင်းလို့မရတဲ့ သမိုင်းဝင် ဦးတည်ချက်တခု ဖြစ်ပါတယ်လို့ ရှီဂျင်ပင်းက ပြောပါတယ်။

ဘက်ပေါင်းစုံ ကုန်သွယ်မှုတွေ လုပ်နေတဲ့ အစိုးရတွေရဲ့ လုပ်ဆောင်ချက်နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကနေ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံတွေကို ပိုအကျိုးအမြတ် ဖြစ်တဲ့ ကုန်သွယ်မှုကို ထောက်ခံတယ်လို့ သူက ပြောပါတယ်။

အစည်းအဝေးမှာ ပြောကြား ခဲ့တဲ့ ထရမ့်နဲ့ ရှီဂျင်ပင်းတို့ရဲ့ မိန့်ခွန်းဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေတာကြောင့် နောင် ကမ္ဘာ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဒီနိုင်ငံတွေရဲ့ မူဝါဒတွေက စိတ်ဝင်စားဖို့ ပိုကောင်း လာနိုင်တယ်လို့ လေ့လာသူ တွေက သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့် အာရှခရီးစဉ် စဖို့ပြင်ဆင်