အီဂျစ်မှာ ဗြိတိန်သူ မူးယစ်မှုရင်ဆိုင်ရ

ဓာတ်ပုံ မူပိုင် facebook
Image caption အီဂျစ်မှာ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်လာမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှ အမျိုးသမီး

အီဂျစ်မှာ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်လာမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှ အမျိုးသမီးဟာ ဟူးဂါဒါကမ်းခြေ အပန်းဖြေစခန်းမှာ တရားရင်ဆိုင်ရပြီ ဖြစ်ပါတယ်။

အသက် ၃၃နှစ် ရှိပြီဖြစ်တဲ့ လောရာပလမ်မားဟာ ယူကေမှာ တရားဝင်ပေမယ့် အီဂျစ်မှာ တားမြစ်ထားတဲ့ အကိုက်အခဲပျောက်ဆေး အလုံး ၃ဝဝ သယ်ဆောင်မှုနဲ့ စွပ်စွဲခံရပြီး လွန်ခဲ့တဲ့ လက အဖမ်းခံရတာ ဖြစ်ပါတယ်။

ကြာရှည်မှာ မဟုတ်ဘူးလို့ မျှော်လင့်ရတဲ့ ကြားနာမှုမှာ တရားသူကြီးအနေနဲ့ သူ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်သလို အာမခံနဲ့လည်း လွတ်မြောက်နိုင်ပါတယ်။

ဟားလ်မှာ ဆိုင်အကူလုပ်နေတဲ့သူက သူသယ်လာတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ဒီနိုင်ငံမှာ တားမြစ်ထားမှန်း လုံးဝ မသိခဲ့ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ ဂရုမစိုက် လျစ်လျုရှုမှုက အကြောင်းပြချက် မဟုတ်ဘူးလို့ ဒေသခံရဲတွေက ပြောပါတယ်။

အီဂျစ်မှာ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်မှုဟာ သေဒဏ်အထိ ပြစ်ဒဏ် ကျခံရနိုင်တဲ့အတွက် သူမရဲ့ အမှားဟာ အပြစ်မရှိဘူးလို့ တရားသူကြီးက လက်ခံယုံကြည်မယ်လို့ သူ့မိသားစုက မျှော်လင့်နေပါတယ်။

သူယူလာတဲ့ ထရာမဒေါလ်ဟာ ဆရာဝန်ဆေးစာနဲ့ တရားဝင် သုံးစွဲခွင့် ရှိပေမယ့် ဆေးမှာပါတဲ့ ဘိန်းကို စွဲတတ်တဲ့အတွက် ပိတ်ပင်တာဖြစ်ပါတယ်။

ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုမှာ မစ္စပလမ်မာက ဒီဆေးတွေကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် က အီဂျစ်က ကျောနာ ရောဂါရှိတဲ့ မိတ်ဆွေ အိုမာကဘူး အတွက် ပေးလိုက်တာလို့ ပြောပါတယ်။

သူမရဲ့ လုပ်ဖော်ကိုင်ဖက်က ဆေးဝါးထည့်တဲ့ စက္ကူအိတ်ထဲ ထည့်ပေးလိုက်တာကို ခရီးဆောင်အိတ်ထဲ ထည့်ယူလာခဲ့တာပါ။

ကျွန်မ အိတ်ထဲကိုတောင် မကြည့်ခဲ့ပါဘူး။ ဘယ်လောက်တောင် ကျွန်မတုံးအတယ်ဆိုတာ ကိုယ့်ဘာသာ မပြောနိုင်လောက်အောင်ပဲလို့ သူမက ဆိုခဲ့ပါတယ်။