အမေရိကန်ရွေးကောက်ပွဲကိစ္စ စွပ်စွဲချက်ဟာ စော်ကားတာ ဖြစ်ကြောင်း ပူတင်ပြော

ထရမ့် ပူတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အေးပက် မှ ဆုံတုန်း ရွေးကောက်ပွဲ ကိစ္စ ကို ထရမ့် မေးမြန်း

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ရုရှသမ္မတ ပူတင် နဲ့ စကားပြောဖြစ်ခဲ့ပြီး ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရုရှ က စွက်ဖက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ဟာ စော်ကားသလို ခံစားရတယ် လို့ သမ္မတ ပူတင် ပြောပြကြောင်း သမ္မတ ထရမ့် က ပြန်ပြောပြပါတယ်။

အမေရိကန် ရွေးကောက်ပွဲကို ဘာ မွှေတာမျိုးမှ မလုပ်ခဲ့ဘူး လို့ လည်း သမ္မတ ပူတင် က ပြောခဲ့ကြောင်း သူ ကဆိုပါတယ်။

သူတို့၂ယောက် ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့မှာ လုပ်တဲ့ အေးပက် ထိပ်သီးညီလာခံ မှာ ခဏတဖြုတ် စကားပြောရင်း အဲဒါတွေ ပြောဖြစ်ခဲ့ကြတာပါ။

သမ္မတ ပူတင်ကိုယ်တိုင်ကလည်း အဲဒီ စကားပြောပွဲအပြီး သတင်းထောက်တွေနဲ့ တွေဆုံစဉ်မှာ အဲဒီ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ သူအနေနဲ့ ဘာမှ မသိပါဘူး၊ အဲဒီစွပ်စွဲတာတွေ အားလုံးဟာ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ပါလို့ ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးဌာန တွေကတော့ ရုရှဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လူတွေ က မစ္စတာ ထရမ့် ကို ပိုကြိုက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

ဒီမိုကရက်တစ်ပါတီ အရှက်ကွဲစေမယ့် အီးမေးလ်တွေ သတင်းအချက်အလက် တွေ အင်တာနက် ပေါ်မှာ အဲဒီသမ္မတ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလက ပျံ့နှံ့ခဲ့တာပါ။

ရုရှနဲ့ အရင် ဆိုဗီယက်ပြည်ထောင်စု က ခွဲထွက်ခဲ့တဲ့နိုင်ငံတွေမှာနေနေတဲ့ ဟက်ကာတွေ က ဒါတွေကိုလုပ်ခဲ့တာလို့ လည်း အမေရိကန် ထောက်လှမ်းရေး ဌာန တွေ က သံသယရှိပါတယ်။

နောက်ဆုံးအဲဒီရွေးကောက်ပွဲမှာ ထရမ့်က ဒီမိုကရက်ဘက်က ပြိုင်ဖက် ဟီလာရီ ကလင်တန် ကို အနိုင်ရခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှား ကြားလည်း အဲဒီကိစ္စတွေနောက်ပိုင်း တဖက်နဲ့တဖက် ဆက်ဆံရေး အတော် ပြဿနာ တက်ခဲ့ပါတယ်။

ဒီလို အင်တာနက် က စွက်ဖက်နှောင့်ယှက်မှုတွေ ဟာ ကရင်မလင်နဲ့ ချိတ်ဆက်ထားတယ် ဆိုတာမျိုးတော့ အမေရိကန် ထောက်လှမ်းရေးဘက် က ကံသေကံမ မပြောနိုင်ပါဘူး။

အခု သမ္မတထရမ့်ရဲ့ ပြောကြားချက်တွေဟာ အမေရိကန်ထောက်လှမ်းရေး က တွေ့ရှိချက် သုံးသပ်ချက်တွေ မဟုတ်ကြောင်း နောက်ထပ် ဆန့်ကျင်ပြလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အမေရိကန် တရားရေးဌာန ကတော့ သမ္မတလောင်း ထရမ့် ရဲ့ မဲဆွယ်ရေး အဖွဲ့နဲ့ ရုရှတို့ ဆက်စပ်ပူးပေါင်းလုပ်ကိုင်ခဲ့သလား ဆိုတာကို စုံစမ်းဖို့ အထူးစုံစမ်းစစ်ဆေးရေးမှူးတယောက်ကို ခန့်ထားပါတယ်။

မဲဆွယ် ကာလတုန်းက မစ္စတာ ထရမ့်ကို အနီးကပ် အကူအညီပေးသူ တချို့ကိုလည်း တရားစွဲထားတာတွေ ရှိပါတယ်။