ငါးမန်းကို လက်သီးနဲ့ ထိုးတဲ့ ဗြိတိသျှ ဆရာဝန်

ဓာတ်ပုံ မူပိုင် Nine Network
Image caption ငါးမန်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရသူ ဗြိတိသျှ ဆရာဝန်

သြစတြေးလျနိုင်ငံမှာ ရေလွှာလှိုင်းစီးနေတုန်း ငါးမန်းရဲ့ တိုက်ခိုက်မှုကို ခံရပြီး လွတ်မြောက်ခဲ့သူ ဆရာဝန်တဦးက သူ့အနေနဲ့ ငါးမန်းရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးပြီး လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ချာလီ ဖရိုင်းဆိုသူ အသက် ၂၅ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆစ်ဒနီမြောက်ဘက်က ကမ်းခြေတခုမှာ ကစားနေစဉ် သူ့ရဲ့ ညာဘက် ပုခုံးကို ငါးမန်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဖရိုင်းဟာ ရေထဲမှာ ရှိနေတုန်း ငါးမန်းကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပြီး ထိုးပြီးမှ သူ့ရဲ့ ရေလွှာလှိုင်းစီးတဲ့ ဘုတ်ပြားနဲ့ ကမ်းခြေဆီကို ပြန်လာခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနစ်တုန်းက ငါးမန်းနဲ့ အားပြိုင်ခဲ့တဲ့ မစ်ဖန်နင်ရဲ့ အဖြစ်အပျက်က သူ့ကို အခုလို ပြန်လည်တိုက်ခိုက်ဖို့ လှုံ့ဆော်မှု ဖြစ်စေခဲ့တယ်လို့ မစ္စတာ ဖရိုင်းက ပြောပါတယ်။

ငါးမန်းရဲ့ တိုက်ခိုက်မှုကြောင့် ခြစ်ရာတွေနဲ့ အတူ လက်ပေါင်းမှာ ပေါက်သွားတဲ့ ဒဏ်ရာကိုလည်း ရရှိခဲ့ပါတယ်။

ရေထဲမှာ ငါးမန်းပေါ်လာတာကို သူ့အနေနဲ့ တွေ့ရှိခဲ့ပြီူ ငါးမန်းရဲ့ မျက်နှာကို သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဲဒီငါးမန်းဟာ ၆ . ၅ ပေ ရှည်တယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေး ဟယ်လီကော်ပတာကတော့ မစ္စတာဖရိုင်းပြောတဲ့နေရာနားမှာ ငါးမန်းတကောင်ကို အခင်းဖြစ်ပြီးမကြာခင်မှာပဲ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မစ္စတာ ဖရိုင်းဟာ နယူးဆောက်ဝေးမှာရှိတဲ့ ဆေးရုံတရုံမှာ တာဝန်ထမ်းဆောင်ဖို့ လွန်ခဲ့တဲ့ နှစ်လကမှ သြစတြေးလျကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကမ်းခြေကို အင်္ဂါနေ့မှာ ပိတ်ထားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သြစတြေးလျနိုင်ငံက ကမ်းခြေတွေမှာ တနှစ်အတွင်း ငါးမန်းတိုက်ခိုက်ခံရမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှု တကြိမ်ဖြစ်ခဲ့ပါတယ်။