ဇင်ဘာဘွေ စစ်တပ် အာဏာလွှဲယူတဲ့ အပေါ် အမျိုးမျိုး တုန့်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟာရာရီမြို့တော် လမ်းမတွေပေါ်မှာ စစ်မော်တော်ယာဉ်တွေနဲ့ စစ်သားတွေ စောင့်ကြပ်နေ

ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်က အာဏာလွှဲပြောင်းယူလိုက်မှုအပေါ် ဇင်ဘာဘွေနိုင်ငံသား အတော်များများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။

ဝန်ကြီးအတော်များများ ထိန်းသိမ်းခံထားရတယ်လို့ ယူဆရပြီး သမ္မတ မူဂါဘီ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံထားရပေမယ့်လည်း ကြီးကျယ် ဆိုးဝါးတဲ့ အကြမ်းဖက်မှုမျိုး ဖြစ်ခဲ့တယ်လို့တော့ မကြားရပါဘူး။

ဟာရာရီမြို့တော်က လူအတော်များများက မူဂါဘီ အစိုးရ သက်တမ်းကုန်ဆုံးဖို့ မျှော်လင့်နေကြပြီး ZANU-PF အစိုးရပါတီရဲ့ ထိပ်တန်းအဖွဲ့ဝင် အတော်များများ ကတော့ သမ္မတ မူဂါဘီအနေနဲ့ ထီးနန်းဆက်တခု ထူထောင်ဖို့ ကြိုးပမ်းရာကနေ အခုလို ဒုက္ခ ဖြစ်သွားခဲ့ရတာလို့ ပြောပါတယ်။

သမ္မတမူဂါဘီရဲ့ အရိုက်အရာကို ဆက်ခံဖို့ ကြံရွယ်ထားတဲ့ သမ္မတကတော် Grace ကတော့ နမ်မီးဘီးယားနိုင်ငံကို ထွက်ပြေးသွားပြီလို့ ယူဆရပါတယ်။

အသက်အရွယ် ရလာပြီ ဖြစ်တဲ့ သမ္မတ မူဂါဘီကို ကျေးလက်ဒေသက လူတွေကတော့ ဆက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇင်ဘာဘွေနိုင်ငံ ပြဿနာအရေးမှာ သက်ဆိုင်သူတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဇင်ဘာဘွေမှာ စစ်တပ်က အာဏာရယူ

နိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်သားတွေက သူတို့လုပ်ရပ်ဟာ အာဏာသိမ်းတဲ့ လုပ်ရပ်မဟုတ်ပဲ ယာယီ ထိန်းချုပ်ထားတာသာ ဖြစ်တယ် ဆိုတဲ့အကြောင်း အာမခံ ပြောခဲ့တယ်လို့ ဝါရှင်တန်မြို့မှာ ရောက်နေတဲ့ အာဖရိက သမဂ္ဂ ဥက္ကဋ္ဌ မူဆာ ဖာကီ မဟာမက်က ပြောပါတယ်။

SADC တောင်ပိုင်း အာဖရိကန်နိုင်ငံများ အုပ်စုက ကိုယ်စားလှယ်တွေလည်း ကြားဝင် ညှိနှိုင်းပေးဖို့ ဟာရာရီမြို့မှာ ရောက်နေပါတယ်။

ဇင်ဘာဘွေရဲ့ အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်တဲ့ တရုတ်ကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။