တိုက်ချင်းပစ် ဒုံးကျည်ကို ရေအောက်ကနေ ပစ်နိုင်အောင်လည်း ကင်မ်ဂျုံအွန် ကြိုးစား

Image caption ရှင်ပို သင်္ဘောကျင်း အလုပ်ရုံ

မြောက်ကိုရီးယား နိုင်ငံဟာ ထိပ်ဖူးတပ် ဒုံးကျည် တပ်ဆင်မယ့် ရေငုပ်သင်္ဘော တည်ဆောက် နိုင်ဖို့ အပြင်းအထန် ကြိုးစား နေတယ် ဆိုတဲ့ အချက် ထွက်ပေါ် လာပါတယ်။

မြောက်ကိုရီးယား အကြောင်း အသေးစိတ် လေ့လာနေတဲ့ 38 North ဆိုတဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြလာတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေ အရ မြောက်ကိုရီးယား နိုင်ငံဟာ တာဝေးပစ် ထိပ်ဖူးတပ် ဒုံးကျည်တွေ သယ်ဆောင် ပစ်လွှတ်နိုင်စွမ်း ရှိတဲ့ ရေငုပ် သင်္ဘောကို ပထမဆုံး အကြိမ် တည်ဆောက် နေရာချ လာမယ့် စီမံကိန်း အပေါ် အတော်လေး အာရုံစိုက်ပြီး လုပ်ဆောင် နေကြောင်း သိလာရပါတယ်။

ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အပြီး တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကြား နယ်ခြား စည်းမျဉ်း ဖြစ်လာခဲ့တဲ့ အီကွေတာ မြောက်ဘက် ၃၈ ဒီဂရီ လတ္တီကျူ့ မျဉ်းကို ရည်ညွှန်း နာမည်ပေးထားတဲ့ 38 North ဝက်ဘ်ဆိုက်ဟာ အမေရိကန် ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ ယူအက်စ်-ကိုရီးယား အင်စတီကျူ့ ကနေ လုပ်ဆောင် နေတဲ့ အစီအစဉ် တစ်ခု ဖြစ်ပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေကို 38 North ဝက်ဘ်ဆိုက်ရဲ့ ဆန်းစစ် လေ့လာချက် တွေ အရ ဆိုရင် မြောက်ကိုရီးယားဟာ ကမ္ဘာ့ တိုက်ကြီး တစ်ခုကနေ နောက်တစ်ခုဆီ ရောက်အောင် လှမ်းပစ်နိုင်စွမ်းတဲ့ ဒုံးကျည်တွေ ပိုင်ဆိုင်နိုင်ဖို့ ဆောင်ရွက် နေတာနဲ့ တပြိုင်တည်းမှာပဲ၊ အဲဒီ ဒုံးကျည်တွေကို တင်ဆောင် ပစ်ခတ် နိုင်မယ့် ရေငုပ် သင်္ဘော ပိုင်ဆိုင် နိုင်ဖို့လည်း အပြင်းအထန် ကြိုးစား နေတယ်လို့ ဆိုပါတယ်။

Image caption ဝန်ချီစက်တွေလည်း အဆက်မပြတ် ရွေ့လျား

ဒီလို ရေငုပ် သင်္ဘာမျိုး ဆောက်နိုင်ဖို့ မြောက်ကိုရီးယားက ကြိုးစား နေတာ နှစ် အတော်အတန်ကြာ ရှိ နေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ဆီမှာ ရေငုပ်သင်္ဘော ပုံစံငယ် တစ်ခု ရှိနှင့်နေပြီး အဲဒီ ပုံစံငယ် ကနေလည်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာတွေ အကြိမ်ရေ တချို့ ပြုလုပ် ခဲ့ပါတယ်။

ရေငုပ် သင်္ဘော တည်ဆောက်တဲ့ စီမံကိန်း ထား ရှိရာ မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတမ်းမှာ ရှိတဲ့ ရှင်ပို သင်္ဘောကျင်းကို ဂြိုဟ်တုကနေ ရိုက်ကူး ထားတဲ့ အခု ဓာတ်ပုံ အသစ်တွေ အရ ၊ အဲဒီနေရာမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ် တိုးချဲ့ နေတာကို တွေ့နေရပြီး၊ ဒုံးကျည်တပ် ရေငုပ် သင်္ဘော နောက်တစ်စင်း ထပ်ဆောက်ဖို့ စိုင်းပြင်း နေတာလို့ 38 North က သုံးသပ်ပါတယ်။

သင်္ဘောကျင်းနဲ့ သင်္ဘောကျင်း နံဘေးက အလုပ်ရုံကြီးကြား ပစ္စည်းတွေ၊ ကိရိယာ အစိတ်အပိုင်းတွေ သယ်ယူ ပြောင်းရွှေ့တဲ့ လှုပ်ရှားမှုတွေ အခုနှစ် ၂ဝ၁၇ တလျှောက်လုံးမှာ အကြီးအကျယ် ရှိနေခဲ့သလို ဆောက်လုပ်ရေးသုံး ဝန်ချီစက်တွေလည်း အဆက်မပြတ် ရွေ့လျား နေခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု တရုတ် ကန့်ကွက်

အခုလို ဂြိုဟ်တု ဓာတ်ပုံတွေကို လေ့လာ စိတ်ဖြာတာမျိုး သက်သက်နဲ့တော့ ရေငုပ် သင်္ဘော စီမံကိန်းမှာ မြောက်ကိုရီးယား ဘယ်လောက်တောင် ခရီးရောက် နေပြီလဲ ဆိုတာ အတိတကျ ပြောဖို့ ခက်ပါတယ်။

တကယ်လို့ ဒီ စီမံကိန်းသာ အောင်မြင်သွားပြီ ဆိုရင်တော့ ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည် တွေကို မြေပြင် ကနေသာမက၊ ရေအောက် ကနေပါ ပစ်လွှတ် နိုင်စွမ်း ရှိလာမှာ ဖြစ်ပြီး၊ သူတို့ရဲ့ နျူကလီယာ လက်နက် ရည်မှန်းချက် စွမ်းရည် ပိုပြီး တောင့်တင်းသွား လိမ့်မယ်လို့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အဖွဲ့က လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ ကျွမ်းကျင်သူ Mark Fitzpatrick က ဘီဘီစီကို ပြောပါတယ်။

မြောက်ကိုရီးယား အနေနဲ့ တိုက်ချင်းပစ် ဒုံးကျည်တပ် ရေငုပ်သင်္ဘောကို မဟာဗျူဟာမြောက် ပိုင်ဆိုင်နိုင်ဖို့ အခုလို အားသွန် လုပ်ဆောင် နေတာကို ကြည့်ရင် နျူကလီယာ လက်နက် စီမံကိန်းကို လွယ်လွယ်နဲ့ စွန့်လွှတ်မယ့် အရိပ်အယောင် တစွန်းတစမှ ရှိ မနေဘူး ဆိုပြီး ကာကွယ်ရေးနဲ့ သံတမန်ရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျွန်နသန် မားကပ်စ်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယားက ဂူအမ်ကို တိုက်ဖို့စဉ်းစား