မူဂါဘီကို ပါတီခေါင်းဆောင်ရာထူးက ထုတ်ပယ်

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ မူဂါဘီက သူ့နေရာခန့်ဖို့ လျာထားတဲ့ သူ့ဇနီးနဲ့တကွ မူဂါဘီ ထောက်ခံသူ ဝါရင့် ပါတီဝင်တွေလည်း ပါတီက ထုတ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့

နိုဝင်ဘာလ ၁၅ ရက်နေ့က ဇင်ဘာဘွေစစ်တပ်ရဲ့ အာဏာသိမ်းခံရပြီး အကျယ်ချုပ် ချခံ ထားရတဲ့ သမ္မတ မူဂါဘီကို ပါတီခေါင်းဆောင်နေရာက ဖယ်ရှားဖို့ အာဏာရပါတီ Zanu-PF က မဲခွဲ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ နေရာမှာ ယခင် မစ္စတာ မူဂါဘီက ထုတ်ပယ်ထားတဲ့ ဒုသမ္မတ အမ်မဆင် မနမ် ဂါဂွာကို ခန့်အပ်လိုက်ပါတယ်။

အသက် ၉၃ နှစ်အရွယ် မစ္စတာ မူဂါဘီ အနေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ တနင်္လာနေ့ ရောက်လို့မှ သမ္မတရာထူးအဖြစ်က နုတ်မထွက်ဘူးဆိုရင် ပါလီမန်လမ်းကြောင်းအရ ထုတ်ပယ်ခြင်း ခံရမယ်လို့လည်း ပါတီက သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ မနမ် ဂါဂွာကိုယ်တိုင်ကလည်း ပြည်တွင်းစစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အာဏာ လက်ဝါးကြီးအုပ်ထားသူ တဦးလို့လည်း လူသိများသူ ဖြစ်နေ

Zanu-PF ပါတီအစည်းအဝေးမှာ မစ္စတာ မူဂါဘီက သူ့နေရာခန့်ဖို့ လျာထားတဲ့ သူ့ဇနီးနဲ့တကွ မူဂါဘီ ထောက်ခံသူ ဝါရင့် ပါတီဝင်တွေလည်း ပါတီက ထုတ်ဖို့ မဲခွဲဆုံးဖြတ် ခဲ့ပါတယ်။

ဇင်ဘာဘွေ စစ်တပ်ကတော့ မစ္စတာ မူဂါဘီ ရာထူးကထွက်ပေးဖို့ ဆက်လက် တိုက်တွန်းနေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ရဲချုပ်က သူနဲ့ တွေ့ဆုံနေတဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် The Herald Zimbabwe Twitter
Image caption စစ်ဗိုလ်ချုပ်တွေနဲ့ ရဲချုပ်က မူဂါဘီ နဲ့ တွေ့ဆုံနေတဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့

ဇင်ဘာဘွေစစ်ပြန်များ လှုပ်ရှားမှု ခေါင်းဆောင် ခရစ်စ် မတ်စ်ဗန်ဂွာကလည်း မစ္စတာ မူဂါဘီ ရာထူးက ထွက်မပေးရင် လူထု လှုပ်ရှားမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုထားပါတယ်။

အစောပိုင်းမှာ မစ္စတာ မူဂါဘီကို သမ္မတ ရာထူး သာမက ပါတီကပါ နုတ်ထွက်ဖို့ Zanu-PF ပါတီအတွင်း အရှိန်အဝါရှိတဲ့ လူငယ်အဖွဲ့ကလည်း တောင်းဆိုခဲ့ပါတယ်။

Zanu-PF ပါတီ လူငယ် ခေါင်းဆောင် ဖြစ်သူ မစ္စစ် ဆင်ဘနေဂါဘီကတော့ အခု ပါတီခေါင်းဆောင် ဖြစ်လာတဲ့ ယခင် ဒုသမ္မတနဲ့ ပါတီဒုတိယ အတွင်းရေးမှူးဖြစ်သူ ရဲဘော် မနမ် ဂါဂွာကို အစိုးရကရော ပါတီကနေပါ ပြီးခဲ့တဲ့ ၂ ပတ်က သစ္စာဖောက်တယ်ဆိုပြီး ထုတ်ပယ်ခံရတာကို ရှုတ်ချထားပြီး မစ္စတာ မူဂါဘီ အဖမ်းခံရတာဟာ ဒီကိစ္စက တဆင့် စဖြစ်ခဲ့တာပါ။

အခုလို ပါတီခေါင်းဆောင် ဖြစ်လာတဲ့ မစ္စတာ မနမ် ဂါဂွာဟာ ၂၀၁၈ ရွေးကောက်ပွဲ အတွက် သမ္မတလောင်းအဖြစ် အရွေးခံထားရသူဖြစ်တယ်လို့လည်း ပါတီဝင် အရာရှိတဦးက ပြောဆိုထားပါတယ်။

သူ့ကို မစ္စတာ မူဂါဘီက ထုတ်ပယ်အပြီးမှာ ပါတီတွင်း ရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်က ကြားဝင်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဗိုလ်ချုပ် ကွန်စတန်တီနို ချီဝမ်ဂါက စတင် သတိပေးခဲ့ပြီး နောက်နှစ်ရက်အကြာမှာ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စစ်တပ်ထိန်းချုပ်မှုအောက်ရောက် ဇင်ဘာဘွေ

မစ္စတာ မူဂါဘီဟာ ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ယခင်က ရုပ်ဒီးရှားလို့ခေါ်တဲ့ ဇင်ဘာဘွေကို ယူကေနိုင်ငံအောက်က လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။

မစ္စတာ မူဂါဘီဟာ ၁၉၆၀ နောက်ပိုင်းကစပြီး လူဖြူ လူနည်းစု ကြီးစိုးတဲ့ အစိုးရကို တော်လှန်ရေးမှာ ပါဝင်ခေါင်းဆောင် ခဲ့တဲ့ အတွက် လူကြိုက်များခဲ့ဖူးပြီး အခု Zanu-PF ပါတီခေါင်းဆောင်ဖြစ်လာတဲ့ မစ္စတာ မနမ် ဂါဂွာနဲ့ အတူတကွ လွတ်လပ်ရေး တိုက်ပွဲ ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ မူဂါဘီဟာ ယခင်က ရုပ်ဒီးရှားလို့ခေါ်တဲ့ ဇင်ဘာဘွေကို ယူကေနိုင်ငံအောက်က လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် တဦးဖြစ်

သူအာဏာရအပြီးမှာ စိုက်ပျိုးမြေ အများစု ပိုင်တဲ့ လူဖြူတွေဆီက လယ်မြေတွေကို ပြန်သိမ်းခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပါတယ်။

မစ္စတာ မူဂါဘီရဲ့ ခေတ်သစ် စီးပွားရေး နားမလည်မှုကြောင့်လို့ အပြစ်တင်ကြတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ စီပွားရေးကျဆင်းမှုကြောင့် ၂၀ဝ၉ ခုနှစ်မှာ ဇင်ဘာဘွေ ဒေါ်လာ ဘီလီယံပေါင်း တထောင်ဟာ ဒေါ်လာ ပြားလေးဆယ် လောက်နဲ့ပဲ ညီမျှတဲ့ အခြေအနေအထိလည်း ရောက်သွားခဲ့ပါသေးတယ်။

မစ္စတာ မူဂါဘီလက်အောက်မှာ အခုလို ဇင်ဘာဘွေနိုင်ငံ အခြေအနေ ဆိုးဝါး နေခဲ့ပေမယ့် အောင်မြင်မှု တချို့တော့ ရှိခဲ့ပြီး အဲဒီအထဲမှာ အာဖရိကတိုက်အတွင်း စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး ၉၀ ရာခိုင်နှုန်းရှိအောင် လုပ်ခဲ့တာလည်း တခု အပါအဝင် ဖြစ်ပါတယ်။

သူ့ရဲ့ နေရာကို မစ္စတာ မနမ် ဂွာရာက ဆက်ခံမယ် ဆိုပေမယ့်လည်း မစ္စတာ မနမ် ဂါဂွာကိုယ်တိုင်ကလည်း ပြည်တွင်းစစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အာဏာ လက်ဝါးကြီးအုပ်ထားသူ တဦးလို့လည်း လူသိများသူ ဖြစ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်အာဖရိကဝန်ကြီးတွေ ဇင်ဘာဘွေရောက်

နိုဝင်ဘာလ ၂၁ ရက်နေ့ မှာတော့ တောင်အာဖရိကနိုင်ငံတွေက ဇင်ဘာဘွေ အရေးနဲ့ ပတ်သက်ပြီး အင်ဂိုလာနိုင်ငံမှာ အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်။