ဇင်ဘာဘွေ သမ္မတနဲ့ ဒုသမ္မတဟောင်းတို့ စကားပြော ဆက်သွယ်ခဲ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတကတော် ဂရေ့စ် အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ပိုင်ခွင့် လုံးဝ မရှိဘူးလို့ သမ္မတ မူဂါဘီရဲ့ ပါတီက ပြော

ဇင်ဘာဘွေနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဖြုတ်ချခံ ဒုသမ္မတဟောင်း မစ္စတာ မနန်ဂါဂွာ ဟာ သမ္မတ မူဂါဘီနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ တိုင်းပြည်ထဲ ပြန်လာတော့မယ်လို့ ဇင်ဘာဘွေ စစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်က မစ္စတာ မနန်ဂါဂွာ ကို ဒုတိယ သမ္မတ ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အတွက် စစ်တပ်က အာဏာလွှဲပြောင်း ယူခဲ့တာပါ။

ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ဇင်ဘာဘွေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝဲန်ဂါက ဒီပြဿနာ အကြပ်အတည်းကနေ ရုန်းထွက်နိုင်မယ့် လမ်းပြမြေပုံတခုကို သဘောတူနိုင်ဖို့ သမ္မတ မူဂါဘီနဲ့ နောက်ထပ် ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ဖော် ကြေညာသွားပါတယ်။

သမ္မတ မူဂါဘီနဲ့ မစ္စတာ မနန်ဂါဂွာ အကြား ဆွေးနွေးပြောဆိုမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူကို အသိပေးသွားမှာပါလို့ သူက ပြောပါတယ်။

သမ္မတ မူဂါဘီရဲ့ နေရာမှာ မစ္စတာ မနန်ဂါဂွာကို အစားထိုးဖို့ လိုလားနေတဲ့ Zanu-PF အစိုးရ ပါတီက သမ္မတ မူဂါဘီကို တရားစွဲဆိုဖို့ အစီအစဉ်တွေ အင်္ဂါနေ့မှာ စလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

သူ့ဇနီးသည် သမ္မတကတော် ဂရေ့စ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်တွေ တရားမဝင် ပေးထားတယ် ဆိုတဲ့ စွဲချက် အပါအဝင် စွဲချက်တွေနဲ့ သမ္မတ မူဂါဘီကို တရားစွဲဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။