ဇင်ဘာဘွေကို ၃၇နှစ် အုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဂါဘီ နုတ်ထွက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇင်ဘာဘွေ ပြည်သူတွေ လမ်းမပေါ်ထွက်ပြီး သောင်းသောင်းဖျဖျ အောင်ပွဲခံ

ဇင်ဘာဘွေနိုင်ငံကို ၃၇နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ် မူဂါဘီ ရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

ရာထူးကနေ နုတ်ထွက်ဖို့ သူ့သဘောနဲ့သူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တိုင်းပြည်မှာ အာဏာ အလွှဲအပြောင်း လျှောလျှောရှူရှူ ဖြစ်အောင် ရာထူးကနေ အခုလို နုတ်ထွက်ပေးခဲ့တာ ဖြစ်ကြောင်း ဖေါ်ပြထားတဲ့ သမ္မတ မူဂါဘီရဲ့ စာကို လွှတ်တော်ဥက္ကဋ္ဌက ဖတ်ပြခဲ့ပါတယ်။

သမ္မတ မူဂါဘီကို တရားစွဲဆိုဖို့ အဲဒီ့မတိုင်ခင်လေး စတင်ခဲ့တဲ့ ကြားနာစစ်ဆေးမှုကို ဒီသတင်းကြောင့် ရပ်ဆိုင်းလိုက်ပါတယ်။

သမ္မတ မူဂါဘီ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးပြီးချင်းမှာပဲ ပြည်သူတွေ လမ်းမပေါ်ထွက်ပြီး သောင်းသောင်းဖျဖျ အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမယ့် သမ္မတ မူဂါဘီ နုတ်ထွက်ကြောင်း ကြေညာချက် ဖတ်ကြားလိုက်ချိန်မှာ အမတ် အတော်များများ မျက်ရည်လည်ရွဲ ဖြစ်ခဲ့ကြပြီး သူတို့ခေါင်းဆောင် နုတ်ထွက်သွားမှု အပေါ် ၀မ်းနည်းကြောင်း ပြခဲ့ကြတယ်လို့ ZANU-PF အစိုးရပါတီ ပြောခွင့်ရသူက ပြောပါတယ်။

တကယ်ဆိုရင် သမ္မတ မူဂါဘီ ကွယ်လွန်မှပဲ သမ္မတရာထူး စွန့်မယ်လို့ အများစုက ယူဆထားကြတာပါ။ သူကိုယ်တိုင်လည်း အဲဒီလို ယူဆခဲ့ပုံ ရပါတယ်။

ဒါပေမယ့်လည်း မစ္စတာ မူဂါဘီအနေနဲ့ သမ္မတ ဘဝ နောက်ဆုံး နေဝင်ချိန်မှာ တခြား ခေါင်းဆောင်ကြီးတွေလို သမ္မတ အိမ်တော်ထဲကနေ အတင်း နှင်ထုတ်ခံရတာမျိုး၊ လစ်ဗျား ခေါင်းဆောင် ဂဒါဖီ လို လူအုပ်ကြီးရဲ့ လက်ထဲ မလှမပ အရှုံးပေးခဲ့ရတာမျိုး ၊ အီရတ်ခေါင်းဆောင် ဆဒမ်ဟူစိန်လို ကြိုးပေးခံရတာမျိုးတွေနဲ့တော့ ရင်မဆိုင်ခဲ့ရပါဘူး။

မူဂါဘီ နုတ်ထွက်ပြီ

၁၉၈၀ခုနှစ် ပြည့်လွန် နှောင်းပိုင်း နှစ်တွေတုန်းက မာတာဘီလီလန်း ဒေသမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တာတွေ၊ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း လယ်ယာမြေ အပိုင်သိမ်းယူမှုတွေ၊ ၂၀၀၈ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ့်ပုံ ရှိတဲ့ အတိုက်အခံ ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာတွေနဲ့အတူ မစ္စတာမူဂါဘီကို တွဲပြီး အမှတ်ရနေကြမှာပါ။

သူ့နေရာကို ဆက်ခံမယ့်ပုံ ရှိတဲ့ အမ်မာဆန် မနန်ဂါဂွာဟာလည်း အဲဒီ ရာဇဝတ်မှု အများစုမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခဲ့တာ ဖြစ်ပေမယ့် ပြည်ပ ကမ္ဘာ့နိုင်ငံတွေလို ဇင်ဘာဘွေ ပြည်သူတွေ အနေနဲ့ မစ္စတာမူဂါဘီ နုတ်ထွက်သွားတာကိုပဲ အတော်လေး စိတ်သက်သာရာ ရသွားကြမှာ ဖြစ်ပြီး အတိတ်ကို သင်ပုန်းချေ ပစ်ကြမယ့် သဘောမျိုး ရှိနေပါတယ်။

ဒါ့အပြင် မစ္စတာ မူဂါဘီ လုပ်ခဲ့တဲ့ ကောင်းကွက်လေးတွေ ဥပမာအားဖြင့် သူ့ကြောင့် ဇင်ဘာဘွေနိုင်ငံမှာ စာရေး စာဖတ်တတ်သူ အရေအတွက် တဟုန်ထိုး တိုးမြင့်လာတာမျိုးလို ကိစ္စမျိုးတွေကိုလည်း မေ့ပျောက် သွားကြမယ့် ပုံ ရှိနေတယ်လို့ ဘီဘီစီ ကမ္ဘာ့ရေးရာ အယ်ဒီတာ John Simpson က သုံးသပ် ထားပါတယ်။