ဗလီ တိုက်ခိုက်မှု အတွက် အီဂျစ် စစ်တပ် လေကြောင်းက တုန့်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျဆုံး အာဇာနည်တွေ အတွက် လက်တုန့်ပြန် သွားမယ်လို့ ကြုံးဝါးနေတဲ့ သမ္မတ စီစီ

အီဂျစ် နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ် Bir alAbed မြို့က Al Rawdaဗလီကို ၊ နို၀င်ဘာ ၂၄ရက် သောကြာနေ့တုန်းက တိုက်ခိုက်ခံရလို့ ၀တ်ပြုသူ ၂၃၅ ယောက် သေဆုံးခဲ့ရပါတယ်။

ဒါဟာ ၂၀၁၃ အဲဒီကျွန်းဆွယ် ဒေသမှာ အစ္စလာမ် ပုန်ကန်ထကြွမှုဖြစ်ကတည်းက ဆိုရင် အဆိုးဝါးဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

အီဂျစ် သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်သွားမယ်လို့ သမ္မတ အပ္ဗဒဲလ် ဖက်တာ အယ်လ် စီစီက အစောပိုင်းတုန်း က ကတိပေးစကား ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ရပ်နဲ့ဆိုင်တဲ့ စစ်သွေးကြွတွေကို လေကြောင်းက ပစ်ခတ်ခဲ့တယ်လို့ အီဂျစ် စစ်တပ်က ဆိုပြီး သေနတ်သမားလို့ ယူဆရသူတွေရဲ့ ကားတွေကို ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဗလီ တိုက်ခိုက်မှုဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာ မပြောလာကြသေးပေမယ့် အဲဒီဒေသမှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့တွေက အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။

ကားလမ်းက တဆင့်မဟုတ်ပဲ ဝင်လာတဲ့ ယာဉ်တွေပေါ်ကနေ သေနတ်သမား ၅၀၊ ၆၀လောက်က လူပြည့်ကျပ်နေတဲ့ ဗလီကို ဗုံးခွဲခဲ့ပြီး ထွက်ပြေးတဲ့အခါ ဝတ်ပြုသူတွေကို တရစပ် ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ ကပြောပါတယ်။

ဗလီထဲကို မဝင်နိုင်အောင် တိုက်ခိုက်သူတွေက ပတ်ဝန်းကျင်မှာရှိတဲ့ ရပ်ထားတဲ့ကားတွေကို အရင်မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။

ဗလီထဲမှာ သွေးသံအလိမ်းလိမ်းနဲ့ အလောင်းတွေကို ပုံတွေမှာမြင်တွေ့ရပြီး လူရာချီပြီး ဒဏ်ရာရလို့ ဆေးရုံတွေလည်းပြည့်ကုန်တယ်လို့သတင်းတွေကဆိုပါတယ်။

ကိုင်ရိုမြို့တော်ကနေ မိုင်၁၃၀လောက်ဝေးတဲ့ဒီမြို့မှာ တိုက်ခိုက်ခံရတာဟာ မျက်မှောက်ခေတ် အီဂျစ်သမိုင်းမှာအဆိုးဝါးဆုံးဖြစ်ပါတယ်။

ဆိုင်းနိုင်းမြောက်ပိုင်းမှာ အစ္စလာမ်စစ်သွေးကြွတွေ နှစ်နဲ့ချီ လှုပ်ရှားနေကြပြီး အဓိကအားဖြင့်လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။

ဗလီထဲက ဝတ်ပြုသူတွေကို တိုက်ခိုက်တာ အခုအချိန်ဟာ ပထမဆုံးဖြစ်ပြီး သေဆုံးသူတွေလည်း မကြုံစဖူး များပြားလှပါတယ်။

ဒီလို တိုက်ခိုက်မှုတွေ ပိုအကြိမ်များပြီး စစ်သွေးကြွတွေနဲ့ အစိုးရတပ်တွေကြား မဆုံးနိုင်တဲ့ တိုက်ပွဲတွေ များလာတာဟာ စစ်ဆင်ရေးတွေ လုပ်နေပါတယ်ဆိုတဲ့ အစိုးရရဲ့ ပြောကြားချက် ဘယ်လောက်ထိရောက်သလဲ ဆိုတာ သံသယဖြစ်စရာရှိနေကြောင်း ကိုင်ရိုရှိ ဘီဘီစီသတင်းထောက် ကပြောပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေကို လုံခြုံရေး အဖွဲ့တွေက တိုက်ခိုက်ရာမှာ ဝင်ရောက် ပူးပေါင်း ကူညီလေ့ရှိတဲ့ ဒေသခံ al-Sawarka အယ်လ် ဆာဝါခါ လူမျိုးစုတွေက ဒီဗလီကို အသုံးပြုလေ့ရှိတာ ဖြစ်ပါတယ်။