လက်ယာစွန်း အမုန်းတရားတွေ ထရမ့် ဖြန့်ချိ

ဓာတ်ပုံ မူပိုင် Reuters
Image caption မေနဲ့ ထရမ့်

လက်ယာစွန်း အုပ်စု တစု လူမှုကွန်ရက်ပေါ်မှာ သွေးထိုးလှုံ့ဆော်ဖို့ တင်ထားတဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ဗီဒီယိုပုံ ၃ခုကို သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် မှာ ပြန်ဖြန့်ခဲ့အပြီး ဗြိတိန်အစိုးရက သမ္မတ ထရမ့်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။

Britain First နိုင်ငံရေး အဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲက တဦး တင်ထားတဲ့ အဲဒီ ဗီဒီယိုတွေ ထဲမှာ မွတ်ဆလင်တွေက ခရစ်ယာန် ရုပ်တုတခုကို ဖျက်ဆီးနေပုံ၊ ကလေးငယ်လေးတဦးကို သတ်နေပုံနဲ့ မသန်စွမ်း လူတဦးကို တိုက်ခိုက်နေပုံတွေ ကို တွေ့ရပါတယ်။

ဒီလို ဗီဒီယိုမျိုးတွေကို သမ္မတ ထရမ့်က ပြန်ဖြန့်တာဟာ မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ထရီစာ မေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်ပြီး Britain First အဖွဲ့ဟာ အမုန်းတရား ပွားစေမယ့် အလိမ်အညာ ဇာတ်လမ်းတွေ ဆင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ကတော့ သမ္မတ ထရမ့်ဟာ နိုင်ငံတော် လုံခြုံရေး အန္တရာယ် အကြောင်း ပြောနေတာသာ ဖြစ်ပြီး ဒီလို လုပ်ဖို့ သိပ်ကို အရေးကြီးတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဗြိတိန်ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ သူ့ကိုယ်သူ ဂရုစိုက် မနေဘဲ ဗြိတိသျှ ဝန်ကြီးချုပ် ကြုံတွေ့ နေရတဲ့ ယူကေ က အစွန်းရောက် ဘာသာရေး သမားတွေရဲ့ အကြမ်းဖက်မှု ပြဿနာ တွေကို သာ ဖြေရှင်းပါဦးလို့ တွစ်တာ မှာ ဒေါ်နယ် ထရမ့် က ထပ်မံ ရေးသား ခဲ့ပြန်ပါတယ်။