ဇင်ဘာဘွေ စစ်ဗိုလ်ချုပ်တွေ ဝန်ကြီးခန့်

ဓာတ်ပုံ မူပိုင် DEWA MAVHINGA
Image caption အစိုးရ ရုပ်သံမှာ ထွက်လာတဲ့ ဗိုလ်ချုပ်ကြီး ဆီဘူဆီဆို မိုရို

မနန်ဂါဂွာ ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်မှာ စစ်တပ်က ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို အဆင့်မြင့် ရာထူးတွေ ပေးလိုက်ပါတယ်။

သမ္မတဟောင်း ရောဘတ် မူဂါဘီက သူရဲ့ ညာလက်ရုံးလည်းဖြစ် ဒုသမ္မတ လည်းဖြစ်တဲ့ မနန်ဂါဂွာကို ရာထူးက ဖြုတ်ချခဲ့လို့ စစ်တပ်က အာဏာ ထိန်းသိမ်းတဲ့ အနေအထားတွေ ဖြစ်ပွားခဲ့တုန်းက အစိုးရ ရုပ်သံမှာ ထွက်လာတဲ့ ဗိုလ်ချုပ်ကြီး ဆီဘူဆီဆို မိုရို (Sibusiso Moyo)ကို နိုင်ငံခြားရေး ဝန်ကြီး၊ လေတပ်အကြီးအကဲ ပဲရန့်ရှယ်ရီ (Perence Shiri)ကိုတော့ စိုက်ပျိုးရေးနဲ့ မြေယာဆိုင်ရာ ဝန်ကြီး အဖြစ် ခန့်အပ် ထားတာပါ။

ဒါအပြင် စစ်မှုထမ်းဟောင်းခေါင်းဆောင် ခရစ် မူချန်ဂါ (Chris Mutsvangwa) ကိုတော့ ပြန်ကြားရေး ဝန်ကြီးအဖြစ် တာဝန်ပေးလိုက်ပါတယ်။

တကယ်တော့ ဇင်ဘာဘွေ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။

ဇင်ဘာဘွေ သမ္မတနဲ့ ဒုသမ္မတဟောင်းတို့ စကားပြော ဆက်သွယ်ခဲ့

ဇင်ဘာဘွေ စစ်တပ် အာဏာလွှဲယူတဲ့ အပေါ် အမျိုးမျိုး တုန့်ပြန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဇင်ဘာဘွေ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

မူဂါဘီ အာဏာကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်အောင် အထောက် အကူပေးတယ်လို့ ဇင်ဘာဘွေ စစ်တပ်ဟာ စွပ်စွဲခံထားရပါတယ်။

ဓာတ်ပုံ မူပိုင် ALEXANDER JOE
Image caption လေတပ်အကြီးအကဲ ပဲရန့်ရှယ်ရီ

အခုခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေရဲ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင်တော့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဆီဘူဆီဆို မိုရို (Sibusiso Moyo)ဟာ လူမသိသူမသိ ဖြစ်နေသလို နိုင်ငံတကာ ဆက်ဆံ ရေးနဲ့ ပါရဂူဘွဲ့ ရထားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ခန့်အပ်ထားတဲ့ စိုက်ပျိုးရေးနဲ့ မြေယာဆိုင်ရာ ဝန်ကြီး ပဲရန့်ရှယ်ရီက သမ္မတဟောင်း ရောဘတ်မူဂါဘီရဲ့ အမိန့်နဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်း အရပ်သား နှစ်သောင်းနီးပါး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ ဆက်နွယ်မှု ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

မူဂါဘီ လက်ထက်က ဝန်ကြီးတွေကို အစိုးရသစ်မှာ ထပ်ပြီး တာဝန်ပေးထားသလို စစ်တပ်က ထောက်ခံသူတချို့ကိုလည်း ရာထူးတွေ ပေးခဲ့တာကြောင့် အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံကို ဝေဖန်မှုတွေ ရှိနေပါတယ်။

ဇင်ဘာဘွေ အတိုက်အခံတွေကတော့ ဗိုလ်ချုပ်တွေကို အစိုးရသစ် ထိပ်တန်း ရာထူးတွေ ပေးလိုက်တာဟာ လူထုရဲ့ မျှော်လင့်ချက်ကို သစ္စာဖောက်တာလို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မူဂါဘီခေတ်လွန် ဇင်ဘာဘွေ စီးပွားရေး

ဘီဘီစီသတင်းထောက်ကတော့ ကာလရှည်ကြာ တာဝန်ယူထားပြီး လူကြိုက် သိပ်မများတဲ့ ဝန်ကြီးတွေက သူတို့ရာထူးကို ပြန်ရသလို အတိုက်အခံတွေကို အစိုးရသစ်မှာ နေရာပေးမယ် ဆိုတာကတော့ ပျက်ပြားသွားတယ်တဲ့လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မူဂါဘီပုံတွေ ဖြုတ်ချကြ

ဇင်ဘာဘွေကနေ တောင်အာဖရိက ကို ထွက်ပြေးခဲ့ရတဲ့ သတင်းထောက် ဝေလ်ဖ် ဘန်ဂါ (Wilf Mbanga)ကတော့ သမ္မတဟာ စစ်မှန်တဲ့ အပြောင်းအလဲကို မဖော်ဆောင်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

အခွင့်အရေးတခု လွဲသွားပြန်ပါပြီ၊ သူတကယ့်အခွင့်အရေးကောင်းတခုကို ရခဲ့တာပါ၊ မူဂါဘီလို သူစိတ်ကြိုက် ဝန်ကြီး ရွေးတာမျိုးမဟုတ်ဘဲ အတိုက်ခံတွေကို အစိုးရအဖွဲ့မှာ ထည့်တာ စတဲ့ မတူတာတွေ သူလုပ်နိုင်ပါတယ်။ အစိုးရသစ်က လူတွေက မူဂါဘီခေတ်က လူဟောင်းတွေ ဖြစ်ပြီးတော့ အတွေးအခေါ်သစ်နဲ့ လူငယ် လူသစ်တွေကို အစိုးရအဖွဲ့ထဲ မထည့်နိုင်ခဲ့ပါဘူး လို့ သူက ဆိုပါတယ်။

အရင် ၂ ပတ်တုန်းကတော့ စစ်တပ်က အာဏာ ထိန်းသိမ်း လိုက်တဲ့ အခြေအနေကို ဗိုလ်ချုပ်ကြီး ကောင်စတန်တီနို ချင်ဝမ်ဂါ (Constantino Chiwenga) ဦးဆောင်ခဲ့ပြီး ခေါင်းဆောင် အပြောင်း အလဲဖြစ်ပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ လူထုက အောင်ပွဲခံခဲ့ပါတယ်။

ချင်ဝမ်ဂါကို လက်ရှိ အချိန်ထိ အစိုးရသစ်မှာ တစုံတရာ တာဝန်ပေးတာ မရှိသေးသလို သူကို ဒုသမ္မတ ရာထူးပေးမှာလား ဘယ်လို နေရာမှာ ပေးမလဲဆိုတာကိုလဲ လူထုက စောင့်ကြည့်နေပါတယ်။

ဇင်ဘာဘွေကို ၃၇နှစ် အုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဂါဘီ နုတ်ထွက်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စစ်တပ်ထိန်းချုပ်မှုအောက်ရောက် ဇင်ဘာဘွေ

စီးပွားရေးကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပိုမို ထိတွေ့ ဆက်ဆံဖို့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကို ၂ နှစ်အတွင်း ကျင်းပပေးမယ်လို့လဲ မနန်ဂါဂွာက ပြောထားပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်တော့ လူဟောင်းတွေနဲ့ အရင်က ရက်ရက်စက်စက် သတ်ဖြတ်မှုတွေမှာ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေ ပါနေတာကြောင့် ဇင်ဘာဘွေ ရဲ့ ခေတ်သစ်လို့ အာမခံထားတဲ့ မနန်ဂါဂွာရဲ့ ပြောဆိုချက်ကို ဇင်ဘာဘွေးအရေး လေ့လာသူတွေက သံသယရှိနေကြပါတယ်။