မွတ်ဆလင်နိုင်ငံက ခရီးသွားတွေကို အမေရိကန် ဗီဇာပိတ်

ဓာတ်ပုံ မူပိုင် AFP
Image caption မူဆလင် အများစု နေထိုင်ရာ ခြောက်နိုင်ငံကလူတွေကို ပြည်ဝင်ခွင့် ပိတ်မယ်

မွတ်ဆလင်တွေ အများစု နေထိုင်တဲ့ နိုင်ငံ ၆နိုင်ငံက ခရီးသွားတွေကို အမေရိကန်နိုင်ငံထဲ လာရောက်ခွင့် တားမြစ်တဲ့ သမ္မတ ထရမ့်ရဲ့ ပိတ်ပင်မိန့်ကို အပြည့်အဝ အကောင်အထည်ဖေါ် ဆောင်ရွက်ခွင့် အမေရိကန် တရားရုံးချုပ်က အတည်ပြု ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အောက်တရားရုံးမှာတော့ ဥပဒေကြောင်းအရ ဆက် တရားရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

ဒီတားမြစ်မိန့်ဟာ မစ္စတာ ထရမ့် သမ္မတ အာဏာ လွှဲပြောင်း ယူခဲ့ပြီးကတည်းက စလို့ တတိယအကြိမ်မြောက် ပြင်ဆင် ထုတ်ပြန်ခဲ့တဲ့ တားမြစ်မိန့် ဖြစ်ပြီး အီရန်၊ လစ်ဗျား၊ ဆိုမာလီးယား၊ ဆီးရီးယား၊ ချက်ဒ်၊ ယီမင် စတဲ့ မွတ်ဆလင် နိုင်ငံ ၆နိုင်ငံက လူတွေကို အမေရိကန်နိုင်ငံထဲ လာရောက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်

အလားတူပဲ မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံက လူတွေကိုလည်း အမေရိကန်နိုင်ငံထဲ လာရောက်ခွင့် ကန့်သတ်ထားပါတယ်။

မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက တချို့ လူပုဂ္ဂိုလ်တွေ အပေါ် တားမြစ်မိန့်ကို အကောင်အထည်ဖေါ်ဖို့ကိုတော့ အောက်တရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

မွတ်ဆလင်နိုင်ငံ ၆နိုင်ငံက လူတွေကို အမေရိကန်ထဲ ခရီးသွားလာခွင့် ပိတ်ပင်ဖို့ သမ္မတထရမ့်ရဲ့ ကြိုးပမ်းမှုဟာ တရားရုံးတွေရဲ့ အတည်ပြုချက် မရတာကြောင့် လအတော်ကြာ အကောင်အထည် မဖေါ်နိုင်ပဲ ကြန့်ကြာနေရတာ ဖြစ်ပါတယ်။

မွတ်ဆလင်တွေကို အဓိက ပစ်မှတ်ထားပြီး လုပ်တဲ့ ဒီကန့်သတ် ပိတ်ပင်မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ ခွဲခြား ဆက်ဆံတာ ဆိုပြီး အတိုက်အခံတွေက ကန့်ကွက်နေကြပါတယ်။

ဒါပေမယ့် ထရမ့် အစိုးရ အဖွဲ့ကတော့ အမေရိကန်နိုင်ငံကို အကြမ်းဖက်ဝါဒကနေ ကာကွယ်ဖို့ သမ္မတ ထရမ့်မှာ တာဝန် ရှိသလို ဒီနိုင်ငံတွေဟာ အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ ပါနေတယ် ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဒီတားမြစ်မိန့်ကို ဆိုင်းငံ့ထားဖို့ အောက်တရားရုံးက ထုတ်ပြန်ထားတဲ့ အမိန့် နှစ်ခုကို ရုတ်သိမ်းပေးဖို့ အိမ်ဖြူတော်ရဲ့ မေတ္တာ ရပ်ခံချက်ကို မနေ့တုန်းကတော့ တရားရုံးချုပ် တရားသူကြီး ၉ဦး အနက် နှစ်ဦးကပဲ ကန့်ကွက်ခဲ့ပြီး ကျန်တဲ့ တရားသူကြီး ၇ဦးက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ချက်ဟာ ဥပဒေနဲ့ ညီမညီ ဆိုတာကို တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာ မဟုတ်ပဲ အောက်တရားရုံးမှာ ဒီကိစ္စ ဆက် တရားရင်ဆိုင်နေတုန်းမှာ ဒီတားမြစ်မိန့်ကို ဆက်အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတားမြစ်မိန့်နဲ့ ပတ်သက်လို့ ဆန်ဖရန်စစ္စစ်ကို ၊ ကယ်လီဖိုးနီးယား၊ ရစ်ချ်မွန်နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေက ဖယ်ဒရယ် တရားရုံးတွေမှာ အခု သီတင်းပတ်အတွင်း နောက်ထပ် ကြားနာ စစ်ဆေးမှုတွေ လုပ်ရအုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ သမ္မတ ထရမ့်အတွက်တော့ လောလောဆယ်မှာ သိသာထင်ရှားတဲ့ အောင်မြင်မှုကြီး တခုလို့ ဆိုရမှာဖြစ်ပါတယ်။