ရုရှားကို ၂ဝ၁၈ ဆောင်းရာသီအိုလံပစ်ကနေ ထုတ်ပယ်

Image caption အိုလံပစ် အလံအောက်မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိ

လာမယ့် ၂ဝ၁၈၊ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်မှာ ရုရှားကို ပါဝင်ခွင့် မပေးဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC က ဆုံးဖြတ် လိုက်ပါတယ်။

ရုရှား အစိုးရကိုယ်တိုင်ရဲ့ အစီအမံနဲ့ အားကစားသမား တချို့ကို တားမြစ်ဆေး သုံးစွဲ စေခဲ့တယ် ဆိုပြီး အသေးစိတ် စုံစမ်းဖော်ထုတ်မှုကနေ ကောက်ချက်ချ ခဲ့တဲ့နောက် အခုလို အပိတ်ပင် ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း၊ တားမြစ်ဆေး မသုံးတဲ့ ရုရှား အားကစားသမားတွေ အနေနဲ့ကတော့ နိုင်ငံကို ကိုယ်စားမပြုပဲ အိုလံပစ် အလံအောက်မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိတယ်လို့လည်း IOC က ဆိုပါတယ်။

Image caption ၇ လတာ အချိန်ယူ စုံစမ်းခဲ့

၂ဝ၁၄ တုန်းက၊ ရုရှားက အိမ်ရှင်လုပ် ကျင်းပခဲ့တဲ့ ဆော့ထ်ချီ ဆောင်းရာသီ အိုလံပစ်ပွဲမှာ ရုရှား အနေနဲ့ တားမြစ်ဆေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ချိုးဖောက်မှုတွေ လုပ်ခဲ့ကြောင်း သက်သေ အထောက်အထားတွေကို ၇ လတာ အချိန်ယူ စုံစမ်းခဲ့တာကနေ တွေ့ရှိ လာရပါတယ်။

အစိုးရ အစီအမံနဲ့ တားမြစ်ဆေး သုံးစွဲတဲ့ အစီအမံမျိုး မလုပ်ခဲ့ဘူးလို့ ရုရှားဘက်က ငြင်းဆို ထားပါတယ်။

အခုလို IOC ရဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့ အပြီးမှာတော့ ရုရှားဘက်က ၂ဝ၁၈ ဆောင်းရာသီ အိုလံပစ်ကို လုံးဝ သပိတ်မှောက်မလား၊ ဒါမှမဟုတ် ရုရှား အားကစားသမားတွေကို အိုလံပစ် အလံအောက် ယှဉ်ပြိုင်ခွင့် ပေးမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။