ပါလက်စတိုင်း ၃ဝ ကျော် ဒဏ်ရာရ

Image caption အာရပ်ကမ္ဘာတလွှား ဆန္ဒပြပွဲတွေ ပြုလုပ်

ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော် အဖြစ် အသိအမှတ်ပြုတယ် ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကြေညာခဲ့တဲ့နောက်ပိုင်း ဂါဇာကမ်းမြောင်နဲ့ အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေ တလွှားမှာ အစ္စရေးနဲ့ ပါလက်စတိုင်း တို့ အကြား အဓိကရုဏ်းတွေ ဖြစ်လာခဲ့ပါတယ်။

ပါလက်စတိုင်းတွေ အုံကြွ ဆန္ဒပြလာ ခဲ့ကြတာမှာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ပေါ်ပေါက်လာခဲ့တဲ့ အတွက် ပါလက်စတိုင်း အနည်းဆုံး ၃၁ယောက် ဒဏ်ရာ ရရှိသွားပြီး တယောက်ဆိုရင် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဆန္ဒပြသူတွေက ကားဘီးတာယာတွေကို မီးရှို့တာ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာမျိုး တွေ ပြုလုပ်ခဲ့ကြသလို အစ္စရေး တပ်ဖွဲ့ဝင်တွေ ကလည်း မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆံ အသုံးပြု ဖြိုခွင်း ခဲ့ပါတယ်။

Image caption ပါလက်စတိုင်း အနည်းဆုံး ၃၁ ယောက် ဒဏ်ရာရ

ဂါဇာမှာလည်း အင်တီဖာဒါ intifada လို့ ခေါ်တဲ့ အုံကြွ လှုပ်ရှားမှုကြီးတွေ ပြုလုပ်ကြဖို့ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့က ဆော်ဩ နေပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်နဲ့ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော် အပါအဝင် အာရပ်ကမ္ဘာတလွှားက မြို့ကြီးတွေ မှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်လာပါတယ်။

သမ္မတ ထရမ့်ရဲ့ ကြေညာချက် ထွက်လာပြီး နောက်ဆက်တွဲ အနေနဲ့ အခုလိုတွေ ကြုံတွေ့လာရမယ်လို့ အစ္စရေး ဘက်က မျှော်လင့်ထားနှင့်ပြီး ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံး ဒုတိယ ဝန်ကြီး Michael Oren က ဘီဘီစီကို ပြောပါတယ်။

ဒီ အရပ်ဒေသမှာ ဘယ်လို သမိုင်းဝင် ဖြစ်ရပ်မျိုး ဖြစ်ဖြစ် အကြမ်းပတမ်း သွေးထွက်သံယို ကိစ္စတွေက တွဲပြီး ပေါ်ပေါက် လာစမြဲပဲ၊ အခြေအနေကို ပိုပြီး ဆိုးလာအောင် ပါလက်စတိုင်းတွေ ဘက်က မလုပ်ဆောင်ဖို့ လိုတယ် ဆိုပြီး တော့လည်း မစ္စတာ အိုရင်းက ဆိုပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က အနောက်ဘက်ကမ်းခြေ၊ ရမ္မလာမြို့ မှာ ထားရှိထားတဲ့ ရုံးရဲ့ အကြီးအကဲ အိုမာ ရှာကီယာကတော့ ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာကို သမိုင်းနောက်ခံ အကြောင်း ကို ပြန်ကြည့်ဖို့ လိုတယ်လို့ ပြောပါတယ်။

Image caption အစ္စရေးတွေ သိမ်းထားတာ ၅၁ နှစ် တိုင်ခဲ့ပြီ

ဂျရူဆလင်မ် အပါအဝင် အနောက်ဘက်ကမ်းခြေနဲ့ ဂါဇာကို အစ္စရေးတွေ သိမ်းထားတာ ၅၁ နှစ် တိုင်ခဲ့ပြီ၊ အစ္စရေးဘက်က ဖိနှိပ်မှု၊ ခွဲခြားမှု၊ အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျနဲ့ကို တောက်လျှောက် လုပ်ဆောင် ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ရှာကီယာက ထောက်ပြပါတယ်။

အစ္စရေး စစ်တပ်ရဲ့ အဆိုအရ ဂါဇာကမ်းမြောင် ဆီကနေ အစ္စရေး ဘက်ကို ရော့ကက် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီး ရော့ကက်တစင်း အစ္စရေး တောင်ဘက်ပိုင်းမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးကလည်း ပြန်လည် တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာက နေရာ နှစ်နေရာကို တင့်ကားတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုတဲ့ အတွက် အခုဆိုရင် တိုက်ပွဲတွေ ပေါ်ပေါက် လာပြန်ဦးမလား ဆိုပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြင့်တက် လာနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂျေရုဆလင် မြို့တော် အသိအမှတ်ပြုမှာကို ဆန္ဒပြကြ