ကုလသမဂ္ဂဟာ အစ္စရေးကို ရန်လိုမုန်းတီးနေတဲ့ အဖွဲ့လို့ အမေရိကန် က ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption ဂါဇာမှာ မငြိမ်သက်မှုတွေ ဖြစ်နေ

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် က ကုလသမဂ္ဂ ဟာ အစ္စရေး ကို ဆန့်ကျင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ထဲက ထိပ်ဆုံးတခု လို့ပြောပြီး ဆန့်ကျင် လိုက်တဲ့အချိန်မှာပဲ အရှေ့အလယ်ပိုင်းမှာ သမ္မတတရမ့် ရဲ့ ကြေညာချက် က တင်းမာမှုတွေ မငြိမ်မသက် မှုတွေ ဖြစ်နေစေပါပြီ။

ဗုဒ္ဓဟူးနေ့က အမေရိကန် သမ္မတရဲ့ ဂျေရုဆလင် ဟာ အစ္စရေး ရဲ့မြို့တော် ဖြစ်တယ် ဆိုတဲ့ စကား ထွက်လာပြီးနောက်ပိုင်း ဂါဇာ က ပါလက်စတိုင်း ဟားမတ်စ တို့ က လူထုအုံကြွမှု လှုံ့ဆော်ခဲ့သလို ဆန္ဒပြပွဲတွေကလည်း ဖြစ်နေပါတယ်။

အစ္စရေး ရဲတွေ ပစ်ခတ်မှုကြောင့် ဆန္ဒပြတဲ့ ပါလက်စတိုင်း ၂ယောက် ထက်မနည်းသေဆုံးခဲ့ပါတယ်။

ဂါဇာဘက် က အစ္စရေး နယ်မြေတွေ ထဲ ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ထည့်တာကို အစ္စရေး က လက်တုံ့ပြန်တဲ့ အနေနဲ့ လေကြောင်း ကနေ ပြန်ပစ်လို့ ဂါဇာ က လူတချို့ ဒဏ်ရာရသွားခဲ့ပါတယ်။

၁၉၉၃ မှာ အစ္စရေး အာရပ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်၊ ၂ နိုင်ငံ တည်ရှိရေး ကို သဘောတူတယ်၊ ဂျေရုဆလင် ကိစ္စ ကို ငြိမ်းချမ်းရေး ရဲ့နောက်ဆုံးအဆင့်မှာ ဆွေးနွေးမယ်လို့ ၂ဘက် သဘောတူခဲ့ကြတာပါ။ ၂

၂၀၁၄ မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ရပ်တန့်ခဲ့ပါတယ်။

ဂျေရုဆလင်ကို အစ္စရေး က သူတို့ မြို့တော်အဖြစ်သတ်မှတ်ချင်နေပြီး ပါလက်စတိုင်းဘက်က တော့ ဂျေရုဆလင်အရှေ့ပိုင်း ကို သူတို့မြို့တော်အဖြစ် သဘောထားတာပါ။

ဘာသာရေးအရ ကိုယ်စီကိုယ်စီ က အထွတ်အမြတ်ထားထားကြတဲ့ နေရာတွေက ဒီ မြို့ မှာ တည်ရှိနေတာပါ။

အရှေ့ဂျေရုဆလင်မှာ ပါလက်စတိုင်း ၃ သိန်း ၃ သောင်းကျော် နေထိုင်နေပြီး အစ္စရေး ၂ သိန်းကျော် အခြေချဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

အစ္စရေး က ၁၉၆၇ စစ်ပွဲ မှာ အဲဒီ အရှေ့ဂျေရုဆလင် ကို သိမ်းတယ်၊ ၁၉၈၀ မှာ သူတို့ ဝင်တယ်၊ နောက်ပိုင်းမှာတော့ နိုင်ငံတကာ က ကန့်ကွက်နေကြတဲ့ ကြားက ဂျူးအခြေချအိမ်ရာတွေ အဲဒီမှာ တည်ဆောက်ခဲ့ကြတာပါ။

အခု ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟေလီ က ကုလသမဂ္ဂ ဟာ အစ္စရေး နဲ့ ပါလက်စတိုင်းတို့ရဲ့ ငြိမ်းချမ်းရေး အလားအလာ ကို ဖျက်ဆီးနေတယ် လို့ ပါ စွပ်စွဲ လိုက်ပါတယ်။

ပါလက်စတိုင်း ကိုယ်စားလှယ် ရီယတ် မန်ဆာ ကတော့ ရှုပ်ထွေးမှုတွေ ရှိနေတာကို အသိအမှတ်ပြုရမယ်၊ အခု သမ္မတ ထရမ့်ရဲ့ လုပ်ဆောင်မှု ကြောင့် အမေရိကန် ကို ငြိမ်းချမ်းရေးအကျိုးဆောင် အဖြစ် ဘယ်လိုမှ မမြင်နိုင်တော့ ဘူးလို့ ဆိုပါတယ်။

ဗြိတိန်ရဲ့ လုံခြုံရေး ကောင်စီ ကိုယ်စားလှယ် မက်သရူး ရိုင်ခရော့ခ် ကတော့ ပဋိပက္ခကို ပြီးဆုံးစေလိုတဲ့ သမ္မတထရမ့်ရဲ့ သဘောထားကို မိမိတို့လည်း ထပ်တူထားပါတယ်၊ ဂျေရုဆလင်နဲ့ပတ်သက်လို့ ကတော့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ၂ ဘက်စလုံးနဲ့ ဆိုင်တဲ့ မြို့တော် ဖြစ်သင့်တယ် ဆိုသွားပါတယ်။

ပြင်သစ်ကိုယ်စားလှယ် ဖရန်ဆွာ ဒလက်တာ ကလည်း ၂ နိုင်ငံ ဆိုတဲ့အဖြေရှာနည်းက လွဲလို့တခြားလမ်းမရှိတာ ကို ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်၊ ၂ ဖက်အကြား ဂျေရုဆလင် အပေါ် သဘောတူမှု မရှိမချင်း ၂ နိုင်ငံ ဆိုတဲ့အဖြေ ကို လည်း ထုတ်နိုင်မှာ မဟုတ်ဘူး လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။