ထိုင်းဗိုလ်သင်တန်းကျောင်းမှာ ပြုမူပုံတွေအပေါ် ဝေဖန်သံတွေ ပေါ်ထွက်

Image caption ဒုတိယ အကြိမ်မြောက် ရင်ခွဲ စစ်ဆေးခဲ့

ထိုင်း နိုင်ငံ ဗိုလ်သင်တန်းကျောင်းမှာ လူငယ် သင်တန်းသား တစ်ဦး သေဆုံးခဲ့မှုမှာ အဲဒီ လူငယ် ဗိုလ်လောင်းဟာ မသေခင် အနှိပ်စက် ခံခဲ့ရတယ် ဆိုပြီး ကျန်ရစ်သူ မိဘ ဆွေမျိုးတွေက ဆက်လက် ပြောဆို နေပါတယ်။

အသက် ၁၈ နှစ် အရွယ် ၊ ဗိုလ်လောင်း ပတ်ကာပွန် တန်ယာကန် သေဆုံးခဲ့မှုမှာ သူ့ရဲ့ ရုပ် အလောင်းကို ဒုတိယ အကြိမ်မြောက် ရင်ခွဲ စစ်ဆေးခဲ့ အပြီး အနှိပ်စက် ခံခဲ့ရတာ သေချာကြောင်း မိဘ ဆွေမျိုးတွေက ထပ်လောင်း ပြောဆို လာတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ဘက်က တရားဝင် ထုတ်ပြန် ထားတာကတော့ အဲဒီ ဗိုလ်လောင်းဟာ သင်တန်းအတွင်း နှလုံးရောဂါကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption ကိုယ်တွင်း ကလီစာ တချို့ ဖယ်ရှား ခံထားရ

ဒါပေမယ့်လည်း မိဘဆွေမျိုးတွေက အဲဒီ အကြောင်းပြချက်ကို လက်မခံပဲ ရင်ခွဲစစ်ဆေးမှု ထပ်မံ လုပ်ဆောင်ခဲ့တာမှာ သေဆုံးသူရဲ့ ဦးနှောက် အပါအဝင် တခြား အရေးပါတဲ့ ကိုယ်တွင်း ကလီစာ တချို့ ဖယ်ရှား ခံထားရသလို၊ ကိုယ်ပေါ်မှာတွေ့ရတဲ့ အညိုအမည်းတွေကလည်း အနှိပ်စက် ခံခဲ့ရတာကို ပြသ နေတယ်ဆိုပြီး ပြောဆို နေပါတယ်။

ဒီအမှုမှာ အခုလို တွေ့ရှိလာတာကြောင့် ထိုင်း စစ်သင်တန်းကျောင်းမှာ သင်တန်းသားတွေ အပေါ် ပြုမူ ဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်ကိုယ်တိုင်က လျှို့ဝှက် ဖုံးကွယ် ပေးထားတာတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုသံတွေ ဆူညံ လာစေပါတယ်။

ဒီနှစ် အတွင်းမှာ ဗိုလ်လောင်း ပတ်ကာပွန် တန်ယာကန် အပါအဝင် သေဆုံးခဲ့တဲ့ သင်တန်းသား ၄ ယောက် ရှိ နေပါတယ်။