ထရမ့်မဖွယ်မရာလုပ်မှု စစ်ဆေးပေးဖို့ အမျိုးသမီးတွေတောင်းဆို

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထရမ့်ကို စွပ်စွဲ ကြသူများ (ဝဲမှာ ယာသို့)Jessica Leeds ၊ Samantha Holvey ၊ Rachel Crook

အမေရိကန် သမ္မတ ထရမ့်က အမျိုးသမီး သုံးယောက်ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ခုလို အချိန်မှာ ထွက်ပေါ်လာတာဟာ နိုင်ငံရေး အရ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ အိမ်ဖြူတော်က တုန့်ပြန် ပြောဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်က သူတို့ကို လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခဲ့တယ် ဆိုပြီး Rachel Crooks ၊ Jessica Leeds နဲ့Samantha Holvey တို့က ကွန်ဂရက် လွှတ်တော် အနေနဲ့ ဒါကို စုံစမ်း ဖော်ထုတ်ပေးဖို့ တောင်းဆိုနေပါတယ်။

မစ္စတာ ထရမ့် သမ္မတ မဖြစ်ခင်တုန်းက သူတို့ကို ကိုင်တွယ် ၊ ပွတ်သပ် ၊ အတင်းအဓမ္မ နမ်းရှုတ်ခဲ့လို့ အရှက်တကွဲ ဖြစ်ခဲ့ရတယ်လို့ အဲဒီ အမျိုးသမီး သုံးယောက်က စွပ်စွဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တွေ အနေနဲ့ နိုင်ငံရေး အရ တွေးခေါ် လုပ်ဆောင်ချက်တွေ ဘေးဖယ်ထားပြီး ကိုယ်လုပ်ခဲ့သမျှကို ဝန်ခံလိမ့်မယ်လို့ ယုံကြည်ထားပြီး မစ္စတာ ထရမ့်ဟာလည်း ဟာဗေးဝိုင်းစတီးန် နဲ့ တခြား အမျိုးသားတွေလိုဘဲ သူတို့ ရဲ့ ရှုတ်ချပြစ်တင်စရာကောင်းတဲ့ အပြုအမူတွေ အပေါ် တာဝန်ခံမှု တာဝန်ယူမှု ရှိသင့်ပါတယ်လို့ စွပ်စွဲတဲ့အမျိုးသမီးသုံးယောက်ထဲက တယောက် ဖြစ်တဲ့ ရေချယ်ခရွတ်ခ်စ် က ပြောပါတယ်။

ဒီပြောဆိုချက်တွေဟာ မမှန်ဘူးလို့ အိမ်ဖြူတော်က ဆိုပြီး အခု စွပ်စွဲချက်တွေအပေါ် ကွန်ဂရက်လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုချက်တွေကိုလည်း သမ္မတရဲ့ ပြန်ကြားရေး အရာရှိက ပယ်ချလိုက်ပါတယ်။

အမျိုးသမီး တချို့ရဲ့ ပြောဆိုချက်တွေဟာ မျက်မြင်တွေရဲ့ ထွက်ဆိုချက်တွေနဲ့ ကွဲလွဲမှု ရှိခဲ့ပြီး မစ္စတာ ထရမ့်က အမျိုးသမီးတွေကို မဖွယ်မရာ ကိုင်တွယ် ခဲ့တယ် ဆိုတဲ့ ကိစ္စတွေကလည်း သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှု အတွင်း ဟိုးအရင်ကတည်းက ဒီစွပ်စွဲချက်တွေကို သမ္မတ ထရမ့် ဖက်က ဖြေရှင်းပြီးသား ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။