အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ တနှစ်တာ လုပ်ဆောင်ချက် ရှင်းလင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ထရမ့်နဲ့ အဆင်မပြေပေမယ့် Rex Tillerson ရာထူးကနေ ထွက်မယ့်ပုံ မတွေ့ရ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ မြို့တော်ခန်းမမှာ နှစ်အကုန် အစည်းအဝေး တွေ့ဆုံစဉ်မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် သူတာဝန်ထမ်းဆောင်ခဲ့တဲ့ တနှစ်တာအတွင်း ဆောင်ရွက်ခဲ့ချက်တွေ အပေါ် ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

ဝန်ကြီး သက်တမ်း တနှစ်ကာလမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနအတွင်း အသုံးစရိတ်တွေ ဖြတ်တောက်၊ ဝန်ထမ်း အသစ်ခန့်တာတွေ ဆိုင်းငံ့ခဲ့လို့ ဝေဖန် ပြောဆိုမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရချိန်မှာ အခုလို ပြောသွားခဲ့တာပါ။

သံတမန်ရေး အောင်ပွဲခံစရာ မရှိပေမယ့် မြောက်ကိုရီးယားလို အရေးပါတဲ့ ပေါ်လစီရေးရာ ကိစ္စရပ်တွေမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ ကြေနပ် အားရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား အရေး သံတမန်နည်းနဲ့ ဖြေရှင်းလို

မြောက်ကိုရီးယား အစိုးရကို ဖယ်ကြဉ်ထားရေးမှာ နိုင်ငံတကာက ထောက်ခံဖို့ သူ့ရဲ့ စည်းရုံးလှုပ်ရှားမှုဟာ အစွမ်းကုန် အောင်မြင်ခဲ့တယ်လို့ ဝန်ကြီး Rex Tillerson က ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာပဲ ဝန်ကြီး Rex Tillerson က မြောက်ကိုရီးယားကို ဆွေးနွေးပွဲ စကားဝိုင်းကို လာဖို့ ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

တိုးမြှင့် ချမှတ်လိုက်တဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေကြောင့် မြောက်ကိုရီးယားရဲ့ စီးပွားရေး အပေါ် စထိခိုက်လာနေပြီလို့ ဆိုပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အရေးနဲ့ ပတ်သက်လို့လည်း အဲဒီမှာ စစ်ရေး အရ အခြေချနေတာဟာ လက်ခံနိုင်စရာ မရှိဘူးဆိုတာ တရုတ်ကို ပြောခဲ့တယ်လို့ ဝန်ကြီး Rex Tillerson က ပြောပါတယ်။

တခါ ကောလာဟလတွေ ထွက်နေသလို သူရာထူးကနေ ထွက်မှာ မဟုတ်ပဲ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆက်ရှိနေမယ် ဆိုတာကိုလည်း အရိပ်အမြွက် ပြောသွားပါတယ်။

အခုလာမယ့် နှစ်သစ်ကူးကာလမှာ ဝန်ကြီး Rex Tillerson ဟာ အာဖရိကဒေသနဲ့ တောင် အမေရိက ဒေသတွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

သမ္မတထရမ့်နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်နေပြီး သူ့နေရာမှာ တခြားလူကို သမ္မတ ထရမ့်က အစားထိုး ခန့်ချင်နေတယ်လို့ သတင်းတွေက ဆိုပေမယ့် ဒီခရီးစဉ် အစီအစဉ်တွေကို ကြည့်ခြင်းအားဖြင့် ဝန်ကြီး Rex Tillerson အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှာ ဆက်နေနေအုံးမယ့် လက္ခဏာ တွေ့ရပါတယ်။

ခေတ်မမီတော့တဲ့ သတင်းအချက်အလက် နည်းပညာ တွေကို ပြင်ဆင်ပြောင်းလဲမယ်၊ ထိရောက်ပြီး တွက်ခြေကိုက်တဲ့ နည်းတွေနဲ့ အစားထိုးမယ် ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြန်ပြင်ဆင် ဖွဲ့စည်းဖို့ သူရေးဆွဲထားတဲ့ စီမံကိန်းကို ဝန်ကြီး Rex Tillerson ထုတ်ဖော် ကြေညာတဲ့အခါ ဝန်ထမ်းတချို့က လက်ခုပ်သြဘာ တီးခဲ့ကြပါတယ်။

လုပ်ငန်းစဉ်တွေ မလိုအပ်ပဲ ပိုကြာအောင် လုပ်တယ်၊ သူလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေကို ဆက်သွယ် အသိပေးဖို့ ပျက်ကွက်တယ် ဆိုပြီး ဝန်ကြီး Rex Tillerson အနေနဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဝန်ကြီး Rex Tillerson ထုတ်ဖေါ်ကြေညာသွားတဲ့ အထဲမှာ လူကြိုက်အများဆုံးကတော့ သူမွှေးခဲ့တဲ့ မီးကို သူပြန်ငြှိမ်းပေးသွားခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အဲဒါကတော့ ပင်လယ်ရပ်ခြားမှာ သွားရောက် တာဝန် ထမ်းဆောင်နေတဲ့ သံတမန်တွေရဲ့ မိသားစုဝင်တွေကို အလုပ်မခန့်ပဲ ဆိုင်းငံ့ထားတာကို ဝန်ကြီး Rex Tillerson ပြန်ရုတ်သိမ်း ပေးမယ် ဆိုတဲ့ ထုတ်ဖော် ကြေညာချက်ပဲ ဖြစ်တယ်လို့ ဝါရှင်တန်မြို့ကနေ ဘီဘီစီသတင်းထောက် Barbara Plett Usher ကသတင်းပေးပို့ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ