အယ်လဘားမားမှာ ဒီမိုကရက်အမတ် အနိုင်ရ

Image caption ရီပတ်ပလစ်ကင် ကိုယ်စားလှယ် ရွိုင်းမော

အမေရိကန်၊ အယ်လဘားမား ပြည်နယ်မှာ အစဉ်အဆက် ဆိုသလို ရီပတ်ပလစ်ကင်တွေ အပေါ် ထောက်ခံမှု များပြီး၊ ရှေးရိုးစွဲတွေ လွှမ်းမိုးခဲ့တဲ့ နေရာ ဖြစ်ပေမယ့်လည်း အခု နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အထက် ဆီးနိတ် လွှတ်တော် နေရာ အတွက် ရွေးကောက်ပွဲမှာတော့ ရီပတ်ပလစ်ကင် ကိုယ်စားလှယ် ရွိုင်းမော ရှုံးသွား ပါတယ်။

မဲဆွယ်ကာလ ကတည်းက ရွိုင်းမောနဲ့ ပတ်သက်တဲ့ စွပ်စွဲ ဝေဖန်သံတွေ အတော်လေး ဆူဆူညံညံ ရှိခဲ့ပါတယ်။

မစ္စတာမောဟာ အမျိုးသမီး တချို့ အပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာတွေ ပြုမူခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ပေါက် လာခဲ့တာ ဖြစ်ပြီး၊ မစ္စတာ မောဘက်ကတော့ သူ့ဘက်က ဘယ်လို အမှားအယွင်းမှ မကျူးလွန်ခဲ့ဖူးလို့ ငြင်းဆို ထားပါတယ်။

Image caption ဒေါ့ဂ်ဂျုံးစ် မမျှော်လင့်ပဲ အောင်ပွဲဆင်

သမ္မတထရမ့်လည်း မစ္စတာ မောကို အယ်လဘားမား ဆီးနိတ် အမတ်လောင်း အနေနဲ့ သဘောတူကြောင်း ထောက်ခံ ခဲ့ပေမယ့်၊ အခုလို ရွေးကောက်ပွဲ ရလဒ်ထွက် လာတဲ့ အခါမှာတော့ သူ့ အနေနဲ့ ကနဦး ထောက်ခံ ခဲ့သူဟာ ရီပတ်ပလစ်ကင် အမတ်လောင်း နေရာကို ရဖို့ ရွိုင်မောနဲ့ ယှဉ်ပြိုင်ခဲ့သူ လူသာ စထရိချ့် Luther Strange ဖြစ်တယ် လို့ ပြောလာပါတယ်။

ဒါဟာ ထရမ့်ဘက်က ရွိုင်မောနဲ့ ခပ်ခွာခွာ ရပ်တည် ပြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် ဒေါ့ဂ်ဂျုံးစ် မမျှော်လင့်ပဲ အောင်ပွဲဆင် ခဲ့တဲ့ အတွက် လာမယ့် သီတင်းပတ်တွေ အတွင်းမှာပဲ ဆီးနိတ်ထဲ ရောက်သွားတော့မှာ ဖြစ်ပါတယ်။

ဆီးနိတ်ထဲ အဲဒီလို ဒီမိုကရက် အမတ် နောက်တစ်ယောက် တိုးလာတဲ့ အဓိပ္ပာယ်ဟာ ရီပတ်ဘလစ်ကင်တွေ လွှမ်းမိုး ထားတဲ့ အနေအထား လျော့ကျ သွားစေခဲ့ပါတယ်။

အခုဆိုရင် ဆီးနိတ်ထဲမှာ ရီပတ်ပလစ်ကင် ၅၁ ယောက် နဲ့ ဒီမိုကရက် ၄၉ ယောက် ရှိလာပါတယ်။

ဒါပေမယ့်၊ မစ္စတာဂျုံးစ် ဆီးနိတ်ထဲ တကယ်ဝင်ထိုင်ဖို့ အချိန်အနည်းငယ် ယူရဦးမှာမို့၊ လတ်တလော ဆီးနိတ်ထဲ ဆုံးဖြတ်ဖို့ ရှိနေတဲ့ သမ္မတထရမ့်ရဲ့ အခွန် ပြင်ဆင်ရေး ဥပဒေ အပေါ် မဲမခွဲကြသေးပဲ၊ မစ္စတာဂျုံးစ်ကို စောင့်ဖို့ ဒီမိုကရက်တွေ ဘက်က တောင်းဆို လာပါတယ်။

ထရမ့်ကတော့ ဒါကို သဘော မတူ ပါဘူး။

Image caption ထရမ့်ဘက်က ရွိုင်မောနဲ့ ခပ်ခွာခွာ ရပ်တည် ပြ

စီစဉ်ထားသလို လာမယ့် သီတင်းပတ်ထဲ မဲခွဲနိုင်ဖို့ အင်မတန် အရေးကြီးတယ် ၊ ဒီလို ပြောရတာ ရီပတ်ပလစ်ကင် အမတ်နေရာ ရှုံးလို့ ပြောရတာ မဟုတ်ဘူး၊ အခွန် ဥပဒေလို အရေးကြီးတဲ့ကိစ္စ အမြန်ဆုံး အပြတ်ဖြတ်နိုင်ဖို့ လိုအပ်လို့ ပြောတာ ဆိုပြီး ထရမ့်က ပြောပါတယ်။

အခုလို ရှေးရိုးစွဲ အယ်လဘမား ပြည်နယ်မှာ ရီပတ်ဘလစ်ကင် ရှုံးသွားတာဟာ၊ ဝင်ပြိုင်တဲ့ အမတ်လောင်း ကိုယ်တိုင်မှာ အပြစ်အနာအဆာတွေ ရှိနေတာက တကြောင်း၊ တဘက်မှာလည်း ထရမ့် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ နိုးကြားလို့ ထရမ့်က ထောက်ခံသူကို လူတွေက ဆန့်ကျင်ပြလိုက်တဲ့ ပုံစံ အနေနဲ့လည်း ရှုမြင်နိုင်တယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် အန်ထနီ ဇာရ်ခါက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ တုန်းကလည်း ဗာဂျီးနီးယားနဲ့ နယူးဂျာဆီတို့မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာတွေကို ဒီမိုကရက်တွေ သိမ်းပိုက် နိုင်ခဲ့တဲ့နောက် လူတွေကြား ထရမ့်ဆန့်ကျင်ရေး လှိုင်းကြီး ပေါ်ပေါက် နေပြီလို့ ဒီမိုကရက် တချို့ကတော့ မျှော်လင့်နေကြတယ်လို့လည်း အန်ထနီ ဇာရ်ခါက သတင်းပေးပို့ ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ