အိန္ဒိယကွန်ဂရက်ပါတီ ဥက္ကဋ္ဌသစ် ရာဟူးလ်ဂန္ဓီ

Image caption သူဟာ ပွင့်လင်းပြီး အမြင်သစ်တွေနဲ့ တမူဆန်းသစ်

အိန္ဒိယနိုင်ငံမှာ သက်တမ်း ၁၃၂ နှစ် ရှိပြီ ဖြစ်တဲ့ အထင်ကရ နိုင်ငံရေး ပါတီကြီး ဖြစ်တဲ့ ကွန်ဂရက်ပါတီရဲ့ ဥက္ကဋ္ဌ နေရာ ကနေ ဆိုနီယာ ဂန္ဓီ အနားယူ သွားပြီလို့ ပါတီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်၊ ကြာသပတေး နေ့ ကပဲ အတည်ပြု ခဲ့ပြီး သားဖြစ်သူ ရာဟူးလ် ဂန္ဓီ ကို ကန့်ကွက်သူ မရှိပဲ အစားထိုး တင်မြှောက်ခဲ့ပါတယ်။

ရာဟူးလ်ဟာ ပါတီ ဥက္ကဋ္ဌ အဖြစ် စနေနေ့က စပြီး တရားဝင် ရယူလာပြီ ဖြစ်ပါတယ်။

အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ သူ့မိခင် ဆိုနီယာဂန္ဓီဟာ ပါတီဥက္ကဋ္ဌအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူ နေခဲ့တာပါ။

ဆိုနီယာဟာ ခင်ပွန်းသည် ဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးတဲ့နောက် ၃ နှစ်အကြာ ၁၉၉၄ ခုနှစ်မှာ နိုင်ငံရေး လောကထဲကို ဝင်ရောက် လာခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ပါလီမန် အမတ်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

၁၉၄၇ ခု အိန္ဒိယ လွတ်လပ်ရေး ရပြီးကတည်းက နှစ်အတော်ကြာကြာ အာဏာကို ရယူ ထားနိုင်ခဲ့တဲ့ အစဉ်အလာ သြဇာကြီးမားတဲ့ နေရူး ဂန္ဓီ နိုင်ငံရေးမိသားစု ပါတီကြီးကို ဦးဆောင်ခဲ့တဲ့ ဆိုနီယာဟာ တကယ်တန်းတော့ အီတလီသူ ကက်သလစ် ခရစ်ယာန် ဘာသာဝင်ဖြစ်ပါတယ်။

ကွန်ဂရက်ပါတီဟာ သူဦးဆောင်မှုအောက်မှာ ၂ဝဝ၄ နဲ့ ၂ဝဝ၉ ခုတွေက ရွေးကောက်ပွဲတွေကို အနိုင်ရ ခဲ့ပေမယ့် ဆိုနီယာဟာ ဝန်ကြီးချုပ် ရာထူးကို ရယူခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ သူဟာ အာဏာရပါတီ အစိုးရကို နောက်ကွယ်က ကြိုးကိုင် ခဲ့တယ်လို့ အများက ယုံကြည်ခဲ့ကြပါတယ်။

၂ဝ၁၁ က စလို့ လောလောဆယ်နှစ်တွေ အတွင်းမှာတော့ ကျန်းမာရေး မကောင်းတာတွေ ရှိလာခဲ့ပြီး အခု အနားယူ သွားခဲ့တာ ဖြစ်ပါတယ်။

Image caption အာဏာရပါတီ အစိုးရကို နောက်ကွယ်က ကြိုးကိုင်ခဲ့

ဒီနောက်ပိုင်း ကွန်ကရက်ပါတီရဲ့ နိုင်ငံရေးစည်းရုံးမှု ကျဆင်းလာခဲ့ပြီး လူအများ စိတ်ဝင်စားမှု လျော့နည်းလာခဲ့ပါတယ်။

၂ဝ၁၄ ရွေးကောက်ပွဲမှာတော့ နာရင်ဒရာမိုဒီရဲ့ ဘီဂျေပီပါတီ အနိုင်ရပြီး ကွန်ကရက်ပါတီက မဲ ၂ဝ ရာခိုင်နှုန်းအောက်သာ ရခဲ့တဲ့ အခြေအနေကို ရောက်နေပါတယ်။

ပါလီမန်အမတ် ၅၄၃ နေရာမှာ ကွန်ဂရက်က ၄၄ နေရာသာ ရခဲ့ပြီး ပါတီရဲ့ စွမ်းဆောင်မှု အဆိုးဆုံး အနေအထား ဖြစ်ပါတယ်။

ရာဟူးလ်ဟာ ဒီလို ကွန်ကရက်ပါတီ အတွက် နိုင်ငံရေးအရ အခက်ခဲဆုံး အချိန်မျိုးမှာ ဦးဆောင် နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဘီဘီစီ အိန္ဒိယ သတင်းထောက် ဆုတစ် ဘစ်ရှဝါက ပြောပါတယ်။

၂ဝဝ၉ ကနေ ၂ဝ၁၄ အတွင်း ပါတီအပေါ် လူကြိုက်များမှု ၉ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး သူတို့ အားထားရတဲ့ ဇာတ်နိမ့်နဲ့ လူနည်းစုတွေကြားမှာတောင် ထောက်ခံမှု ကျသွားတာလို့ နိုင်ငံရေး သိပ္ပံပညာရှင်တဦးက သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ လွတ်လပ်ရေး နှစ် ၇၀ ပြည့်

ကွန်ဂရက်ပါတီဟာ လက်လွတ်ခဲ့ရတဲ့ ပြည်နယ်တွေမှာဆို ပြန်အနိုင်ရတာမျိုး မရှိခဲ့တဲ့ ရာဇဝင်ကလည်း ရှိနေပါတယ်။

အသက် ၄၇ သာရှိသေးတဲ့ ရာဟူးလ်ဟာ လွန် ခဲ့တဲ့ ၁၃ နှစ်က နိုင်ငံရေးလောကထဲ ဝင်လာခဲ့ပြီး မိသားစုအစဉ်အလာ အနိုင်ရတဲ့ မဲဆန္ဒနယ်မှာ အနိုင်ရခဲ့ပါတယ်။

အဲဒီအချိန်က သူကို နိုင်ငံရေးမှာ သိပ်စိတ်မဝင်စားတဲ့လူလို့ မြင်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ် မှာ ပါတီရဲ့ ဒုတိယအကြီးဆုံးနေရာကို ရောက်လာပြန်တော့လည်း အခြေအနေက သိပ်မတိုးတက်ခဲ့ပါဘူး။

သူက လူငယ်အဖွဲ့တွေ ထောင်ပြီး ပါတီပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ကြိုးစား ခဲ့ပေမယ့် ပါတီအပေါ် လူအများရဲ့ စိတ်ဝင်စားမှုက ဆက်ကျ နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက သူအမေရိကားကို သွားရောက်ခဲ့ပြီး ကျောင်းသားတွေ၊ အစိုးရခေါင်းဆောင်တွေ၊ အကြံပေးအဖွဲ့တွေနဲ့ တွေ့ခဲ့ပါတယ်။

ဒီနောက်ပိုင်း လောလောဆယ် လတွေအတွင်း သူရဲ့ ဆိုရှယ်မီဒီယာတွေက လှုပ်ရှားမှုတွေကို လူတွေ စိတ်ဝင်စားမှု အများကြီးရှိလာခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူဟာ ပွင့်လင်းပြီး အမြင်သစ်တွေနဲ့ တမူဆန်းသစ်တယ် ဆိုပြီး မြင်လာကြတယ်လို့ ဆိုပါတယ်။

သူ့အပေါ် ဒီလို စိတ်အား ထက်သန်လာမှုတွေ ရှိလာတာဟာ ပါတီအတွက် အားသစ်လောင်းသလို ဖြစ်စေခဲ့ပေမယ့်၊ ရွေးကောက်ပွဲနိုင်တဲ့အထိ ပါတီကို ဦးဆောင်မှု ပေးနိုင်ဖို့ ဆိုရင် သူ့အနေနဲ့ နိုင်ငံရေး အသိပိုကြွယ်ဝဖို့ နဲ့ မဟာဗျူဟာချ ဆောင်ရွက်ဖို့ လိုတယ် လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

နောက်ပြီး ပြုပြင်ပြောင်းလဲသမားတွေရဲ့ ပြောနေကျ စိတ်ရှုပ်စရာ စကားတွေကို ငြီးငွေ့နေကြတဲ့ အိန္ဒိယ လူငယ် တွေရဲ့ စီးပွားရေး အမြင်တွေကိုလည်း သူထင်ဟပ် ပြောဆိုဖို့ လိုတယ် ဆိုတဲ့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ