ဆီယက်တဲနား ရထားလမ်းချော်ပြီး ၃ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် WASHINGTON STATE PATROL
Image caption တံတားပေါ်ကနေ လမ်းချော်ပြီး ကားတွေ ပြည့်နေတဲ့ အဝေးပြေးလမ်းမပေါ် ရထား ထိုးကျခဲ့

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ် ဆီယက်တဲ မြို့နားမှာ ပထမဆုံး အကြိမ် စတင် ပြေးဆွဲတဲ့ ခရီးသည်တင် ရထားတစင်း တံတားတခုပေါ်ကနေ လမ်းချော်ပြီး မနက် ရုံးတက်ချိန် ကားတွေနဲ့ ပြည့်နေတဲ့ အဝေးပြေး ကားလမ်းမကြီးပေါ် ထိုးကျသွားခဲ့ပါတယ်။

ရထားပေါ်ပါ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း လောလောဆယ် အတည်ပြု သိရပြီး လူတရာလောက် ဆေးရုံတင်ထားရပါတယ်။

အရင်က ကုန်တင် ရထားတွေသာ အသုံးပြုခဲ့တဲ့ ရထားလမ်းမှာ အခု အဲဒီ ခရီးသည်တင် ရထား ပထမဆုံးအကြိမ် စတင် ပြေးဆွဲစဉ် လမ်းချော် တိမ်းမှောက်ခဲ့တာပါ။

အဲဒီ ရထားဟာ လမ်းမချော်ခင် ရထားသံလမ်းပေါ်က တခုခုကို တိုက်မိခဲ့ပုံ ရတယ်လို့ သတင်း တချို့က ဆိုပါတယ်။

ရထား လမ်းချော်မှု ဖြစ်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာပဲ သမ္မတ ထရမ့်က အမေရိကန် အခြေခံ အဆောက်အအုံကို တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ သူ အဆိုပြုထားတဲ့ စီမံကိန်းတွေကို အတည်ပြု လက်ခံသင့်တယ် ဆိုတာကို ဒီဖြစ်ရပ်က ပြနေတယ် ဆိုပြီး တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆက်စပ် အကြောင်းအရာများ