ဂျေရူဆလင်မ် အရေး ထရမ့် ခြိမ်းခြောက် ပြောဆို

Image caption ဆန့်ကျင် ကြစမ်းပါစေ။ ကျူပ်တို့ ငွေကုန်ကြေးကျ အများကြီး သက်သာ သွားလိမ့်မယ်။

ဂျေရူဆလင်မ်နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပေါ် ထောက်ခံမယ့် နိုင်ငံတိုင်းကို အမေရိကန်က ငွေကြေး ကူညီနေတာတွေ ဖြတ်တောက် ပစ်မယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။

အစ္စရေး နိုင်ငံရဲ့ မြို့တော် အဖြစ် ဂျေရူဆလင်မ်ကို အသိအမှတ် မပြုနိုင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ (ဒီဇင်ဘာလ ၂၁ ရက်၊ ကြာသပတေးနေ့မှာ) မဲခွဲ အတည်ပြုကြဖို့ ရှိနေပါတယ်။

မဲခွဲကြတဲ့အခါ အဆိုကို ထောက်ခံတဲ့ နိုင်ငံတိုင်းကို အမေရိကန်က ဘဏ္ဍာရေး ဆိုင်ရာ အကူအညီတွေ ရပ်ဆိုင်း ပစ်မယ်လို့ ထရမ့်က ပြောနေတာပါ။

ထရမ့်ကနေ ဂျေရူဆလင်မ်ကို အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုတယ် ဆိုပြီး အခုလ အစောပိုင်းကပဲ ကြေညာ ခဲ့တဲ့နောက် နိုင်ငံတကာမှာ လှုပ်ရှားသွားပြီး၊ အကြီးအကျယ် ကန့်ကွက် ဝေဖန်သံတွေ ဆူညံလာ စေခဲ့ပါတယ်။

Image caption နစ်ကီ ဟေလီက ဗီတို အာဏာသုံး ပယ်ချ

ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်ကြောင်း အီဂျစ်က တင်သွင်းတဲ့ အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မဲခွဲကြတုန်းကလည်း အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့ပြီး၊ အမေရိကန် သံအမတ် နစ်ကီ ဟေလီက ဗီတို အာဏာသုံး ပယ်ချ ခဲ့ပါတယ်။

အခုတော့ အထွေထွေညီလာခံမှာ မဲခွဲကြတော့မှာ ဖြစ်ပါတယ်။

ဘယ်သူတွေ ဘယ်လိုမဲပေးမယ် ဆိုတာ စောင့်ကြည့်နေတယ် ဆိုပြီး ထရမ့်က အခုလို ကြိမ်းဝါးပါတယ်။

"ကျုပ်တို့ဆီက ငွေတွေတော့ယူတယ်၊ ပြီးတော့ လုံခြုံရေးကောင်စီထဲကျ ကျူပ်တို့ကို ဆန့်ကျင်တယ်၊ အခုလည်း အထွေထွေ ညီလာခံမှာ ထပ်ပြီး ဆန့်ကျင် လာဦးမယ့်ပုံ ရှိတယ်။ အမေရိကန်ဆီက သူတို့ယူတာ ဒေါ်လာ သန်းရာနဲ့ ထောင်နဲ့ချီတယ်၊ အခု စောင့်ကြည့်နေတယ်၊ ဆန့်ကျင် ကြစမ်းပါစေ။ ကျူပ်တို့ ငွေကုန်ကြေးကျ အများကြီး သက်သာ သွားလိမ့်မယ်။ ဂရုမစိုက်ဘူး" လို့ ထရမ့်က ပြောခဲ့ပါတယ်။

သမ္မတ ထရမ့်နဲ့ သံအမတ် ဟေလီတို့ဟာ အမေရိကန် မူဝါဒကို နိုင်ငံတကာမှာ ဖော်ဆောင်တဲ့ အခါ၊ သံခင်းတမန်ခင်းနည်းကို သုံးရမယ့် အစား ငွေကြေး ဓန အင်အားသုံးပြီး လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ နယူးယောက်က ဘီဘီစီ သတင်းထောက် နာဒါ တော်ဖစ်ခ် က ပြောပါတယ်။

Image caption ဂျေရူဆလင်မ်မှာ သံရုံးပြောင်းဖွင့်ဖို့ အမေရိကန် ဆုံးဖြတ်ထား

ဂျေရူဆလင်မ်ကို အစ္စရေးမြို့တော် အဖြစ် အသိအမှတ်ပြုပြီး၊ အဲဒီမှာ သံရုံးပြောင်းဖွင့်ဖို့ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အဖြစ် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ခွင့် ရှိတယ်လို့ အမေရိကန်ဘက်က ယူဆ နေပေမယ့်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အများစုကတော့ ဒါကို လက်မခံနိုင် ဖြစ်နေကြတာပါ။

ဒါ့ကြောင့် ဒီကနေ့ ကျင်းပမယ့် အထွေထွေ ညီလာခံမှာလည်း အမေရိကန်ဟာ အများနဲ့ တစ်ယောက် ဆက်လက်ပြီး သဘောထားကွဲ နေလိမ့်ဦးမယ်လို့ နာဒါ တော်ဖစ်ခ် က သုံးသပ် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ