ဂျေရုဆလင် ကို အစ္စရေးမြို့တော် အဖြစ် ကုလ လက်မခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေး ကောင်စီမှာ အမေရိကန်က ဗီတို သုံးခဲ့

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ ဂျေရုဆလင် ကို အစ္စရေး မြို့တော် အဖြစ် အသိအမှတ်ပြုမယ်မှု ကို ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပ ပြီးစီး ခဲ့တဲ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ က ပယ်ချ လိုက်ပါတယ်။

ဂျေရုဆလင် ကို အစ္စရေး မြို့တော် အဖြစ် အသိ အမှတ် မပြု နိုင်ဘူး ဆိုတဲ့ အဆိုကို အထွေထွေ ညီလာခံမှာ မဲခွဲ ဆုံးဖြတ် ရာမှာ တော့ နိုင်ငံပေါင်း ၁၂၈ နိုင်ငံ က ထောက်ခံ ခဲ့ကြပြီး၊ ၃၅ နိုင်ငံက ကြားနေကာ၊ ၉ နိုင်ငံ ကတော့ အဲဒီ့ အဆိုကို ကန့်ကွက် ခဲ့ကြပါတယ်။

အမေရိကန် ရဲ့ အစီအစဉ် ကို မထောက်ခံရင် ငွေကြေးထောက်ပံ့မှုတွေကို ဖြတ် တောက် မယ်လို့ သမ္မတ ဒေါ်နယ် ထရမ့် က ခြိမ်းခြောက် ပြောဆို ခဲ့ပေ မယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာတော့ ဂျေရုဆလင် ကို အစ္စရေး တို့ရဲ့ မြို့တော် အဖြစ် အသိအမှတ် မပြု နိုင်ဘူးလို့ ဆုံးဖြတ် ခဲ့ကြ တာပါ။

အထွေထွေညီလာခံ ရဲ့ အဆိုကို ထောက်ခံခဲ့ကြတဲ့ အထဲမှာ လုံခြုံရေး ကောင်စီ ရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ ပြင်သစ်၊ ရုရှတို့ ဖြစ်ကြတဲ့ အပြင် အရှေ့ အလယ်ပိုင်း က အမေရိကန် ရဲ့ မဟာမိတ် တွေ ဖြစ်ကြတဲ့ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံ အချို့လည်း ပါဝင်တာကို တွေ့ရပါတယ်။

ကန့်ကွက် ခဲ့ကြတဲ့ ကိုးနိုင်ငံကတော့ အမေရိကန်၊ အစ္စရေး၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ် ပြီးတော့ တောင်အမေရိက ဘက်ခြမ်းက နိုင်ငံငယ်လေး အချို့ပဲ ဖြစ်ပါတယ်။

ကြားနေမဲ ပေးခဲ့ကြသူတွေ ကတော့ မက္ကဆီကို၊ ကနေဒါ စတဲ့ နိုင်ငံ တွေ ဖြစ်ကြ ပါတယ်။ ဒီ မဲခွဲ ဆုံးဖြတ်ပွဲ ကို မတက်ရောက်တဲ့ နိုင်ငံ ၂၁ နိုင်ငံလည်း ရှိပါတယ်။

Image caption ထရမ့်ရဲ့ အငြင်းပွားဖွယ် အစီအစဉ် အပေါ် နိုင်ငံတကာ ဝေဖန်

မဲခွဲ ဆုံးဖြတ်မှု နဲ့ ပတ်သက်လို့ အမေရိကန် ရဲ့ ဆုံးဖြတ်ချက် ကို တောက် လျှောက် ဆန့်ကျင် ခဲ့တဲ့ တူရကီ သမ္မတ ရီကျက် တိုင်ရစ် အာဒို ဝန်က ဒီမိုကရေစီ နိုင်ငံ ကြီး က သူ့ ကို ထောက်ခံ ဖို့ ဒေါ်လာ နဲ့ ဝယ်ဖို့ ကြိုးစား တယ်။ တူရကီ ရဲ့ ဒီမိုကရေစီ သဘောထား ကိုတော့ ဒေါ်လာနဲ့ ဝယ်လို့ မရနိုင်ဘူး။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက် ပဲ ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

အထွေထွေ ညီလာခံ ရဲ့ မဲခွဲ ဆုံးဖြတ်ပွဲ အပြီးမှာ ပြောကြားတဲ့ မိန့်ခွန်း မှာတော့ အမေရိကန် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး နစ်ကီ ဟဲလေး က အမေရိကန် ရဲ့ စီစဉ် ဆောင်ရွက်ချက်ကို ပယ်ဖျက် ခဲ့ကြတဲ့ နိုင်ငံတွေကို အမြဲ အမှတ် ရ သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ ရဲ့ အထွေထွေ ညီလာခံမှာ အချုပ်အခြာပိုင်တဲ့ နိုင်ငံ တစ်ခု ရဲ့ ဆုံးဖြတ် ချက်ကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြတဲ့ ဒီနေ့ ကို အမေရိကန် အနေနဲ့ အမြဲ အမှတ်ရ နေမှာဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကို အကြီးအကျယ် ထောက်ပံ့ မှုတွေ ပေးနေတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့လည်း ဒီကိစ္စ ကို အမြဲ အမှတ်ရ သွားမှာပါလို့ ပြောကြား ခဲ့ပါတယ်။

အခု ကျင်းပ ပြီးစီး သွားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပဖို့ ကို အာရပ် နိုင်ငံ တွေ နဲ့ မွတ်ဆလင် ဘာသာဝင် အများစု ရှိတဲ့ နိုင်ငံ တွေက တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

အထွေထွေ ညီလာခံ ကနေပြီး ဘာသာကြီး သုံးခု တို့ရဲ့ အထွတ်အမြတ် ထားရာ ဂျေရုဆလင် ဟာ အရှေ့ အလယ်ပိုင်း ရဲ့ အရေးပါ တဲ့ ဒေသ တစ်ခု ဖြစ်ပြီး ကန့်သတ် ချုပ်ချယ်မှုတွေ မရှိသင့်ကြောင်းနဲ့ တရားဥပဒေနဲ့ အတည်ပြု သတ်မှတ်မှုတွေ မလုပ်သင့်တဲ့ အကြောင်း ဆုံးဖြတ်ရေးသား ခဲ့ကြပါတယ်။

ဒီ မဲခွဲ ဆုံးဖြတ်မှုမှာ အမေရိကန် တို့ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး မဲပေး ခဲ့ကြတဲ့ နိုင်ငံတွေကို အမေရိကန်က တကယ်ပဲ ထောက်ပံ့မှုတွေ ရပ်ဆိုင်း မလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့် သွားရမှာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် ဆီဘက်စတီယန် အာရှာ က သုံးသပ် ထားပါတယ်။