ဖိလစ်ပိုင် တောင်ပိုင်းကျွန်း မုန်တိုင်းကြောင့် လူ ရာကျော် သေဆုံး

Image caption ၄၈ နာရီလုံးလုံး လေပြင်းတွေ တိုက်ပြီး မိုးတွေ သည်းထန်

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ လေမုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရလို့ အခုအချိန်ထိ အတည်ပြုထားနိုင်သမျှ သေဆုံးစာရင်းထဲ လူတစ်ရာကျော် ရှိနေပြီး၊ လူတချို့လည်း ပျောက်ဆုံး နေကြတယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

တမ်ဘင် Tembin လို့ နာမည် ပေးထားတဲ့ အပူပိုင်း လေမုန်တိုင်းဟာ ဖိလိပိုင် တောင်ပိုင်းက နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးကျွန်းဖြစ်တဲ့ မင်ဒါနာအိုကျွန်းကို တိုက်ခတ် ခဲ့တာ ဖြစ်ပါတယ်။

လေမုန်တိုင်းဒဏ်ကြောင့် ရေကြီး မြေပြိုတာတွေလည်းဖြစ်ခဲ့တယ်လို့ မနီလာမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ဟောင်းဝပ် ဂျွန်ဆန်က ပြောပါတယ်။

ဖိလိပိုင်နိုင်ငံ ကုန်းတွင်းကိုဝင်လာတဲ့ လေမုန်တိုင်းတိုက်ခတ်မှုကြောင့် မင်ဒါနာအိုကျွန်းမှာ ပြီးခဲ့တဲ့ ၄၈ နာရီလုံးလုံး လေပြင်းတွေ တိုက်ခတ်ပြီး မိုးတွေ သည်းထန် နေခဲ့ပါတယ်။

မြေပြိုတာကြောင့် ကျွန်းမြောက်ပိုင်းက ရွာတရွာ ဆိုရင် တရွာလုံး မြေအောက် ရောက်သွား တယ်လို့ သတင်းရပါတယ်။

မာရဝီမြို့မှာ လည်း အကြီးအကျယ် ရေလွှမ်းမိုးနေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

Image caption လေမုန်တိုင်းကြောင့် ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့
Image caption ဒေသတချို့မှာ အရေးပေါ် အခြေအနေ ကြေညာ

မာရာဝီမြို့ဟာ အစ္စလမ်းမစ် စစ်သွေးကြွတွေ နဲ့ အစိုးရတပ်တွေ တိုက်ခိုက်ခဲ့ကြတဲ့ စစ်ဒဏ်ကို ၅ လလောက် ခံခဲ့ရတဲ့ မြို့ဖြစ်ပြီး စစ်သွေးကြွတွေရဲ့ လက်က လွတ်မြောက်လာခဲ့တာ လပိုင်းပဲ ရှိသေးတဲ့ မြို့ဖြစ်ပါတယ်။

ပြန်လည် ထူထောင်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ချိန်မှာပဲ အခုလို မုန်တိုင်းဒဏ် ခံလိုက်ရတာပါ။

စစ်ကြောင့် အိုမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူတွကို နေရာ ချထားပေးထားတဲ့ ယာယီ ဒုက္ခသည် စခန်းကြီး လည်း လုံးဝ ပျက်စီးသွားခဲ့တာကြောင့် အဲဒီ လူတွေကို အားကစားရုံတခုမှာ ပြန်ပြီး နေရာ ချပေးထားတယ်လို့ ဖိလိပိုင် အာဏာပိုင်တွေက ပြောပါတယ်။

အဆိုးဆုံး မုန်တိုင်းဒဏ်ကို ခံခဲ့ရတာက တူဘော့ဒ်နဲ့ ပီယာဂါပို မြို့တွေ ဖြစ်ပြီး အိမ်ခြေ အတော်များများဟာ ကျောက်တုံးတွေ မြေကြီးတွေအောက်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။

Image caption တချို့ ရွာလုံးကျွတ်ပျောက်သွား

တမ်ဘင် မုန်တိုင်းဟာ သောကြာနေ့က မင်ဒါနာအိုကျွန်းကို စဝင်ခဲ့တာဖြစ်ပြီး ဒေသတချို့မှာ အစိုးရက အရေးပေါ် အခြေအနေ ကြေညာထားခဲ့တာဖြစ်ပါတယ်။

ကပ်ဘေး စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူတွေကိုကိုးကားပြီး ဖိလိပိုင်နေ့စဉ်သတင်းစာထဲမှာတော့ လောလောဆယ် သိရသလောက် သေဆုံးသူ အနည်းဆုံး ၁၂၀ ကျော်ရှိတယ်လို့ ရေးသား ထားပါတယ်။

မြစ်ရေတွေကြီးပြီး အိမ်တွေ ရေမျောပါသွားတယ် တချို့ ရွာလုံးကျွတ်ပျောက်သွားတယ်လို့ တူဘော့မြို့က ရဲအရာရှိတဦးက အေဖက်ပီသတင်းဌာနကို ပြောခဲ့ပါတယ်။

လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပြီး လမ်းပန်း အဆက်အသွယ်တွေလည်း ပြတ်တောက် နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေး ကြန့်ကြာနေပါတယ်။

အခုတော့ မုန်တိုင်းဟာ မင်ဒါနာအိုကျွန်းကို တနာရီ မိုင် ၅ဝ နှုံးနဲ့ ဖြတ်ပြီး နိုင်ငံ တောင်ပိုင်းဖျားမှာရှိတဲ့ ပလာဝန် Palawan ကျွန်းဆီ ဦးတည်နေပါတယ်။

အဲဒီကနေ စပရက်လေကျွန်းဆီ ဦးတည် သွားနိုင်ပြီး ၃ ၇က်အကြာ ဗီယက်နမ်နိုင်ငံကို ဝင်ရောက် နိုင်တယ်လို့ ဆိုပါတယ်။

ဖိလိပိုင်နိုင်ငံဟာ အပူပိုင် မုန်တိုင်းဒဏ်ကို အမြဲခံရလေ့ရှိပေမယ့် မင်ဒါနာအိုကျွန်းကို ဝင်ရောက်တာတော့ နည်းပါးပါတယ်။

ပြီးခဲ့တဲ့ သီတင်း တပတ်လောက်က ဖိလိပိုင် အလယ်ပိုင်းကို ကိုင်တပ်လို့ နာမည်ပေးထားတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့လို့ လူ ၆၀ လောက် သေဆုံးခဲ့ရ ပါတယ်။

အဲဒီ ဒေသဟာ ၂ဝ၁၃ ခုနှစ်က လူ ၅ ထောင် ကျော်သေဆုံးခဲ့ပြီး လူသန်းနဲ့ ချီ ထိခိုက်ခဲ့ရတဲ့ တိုင်ဖုန်း မုန်တိုင်းကြီး ဟိုင်ယမ် ရဲ့ ဒဏ် ပြန်နလံ မထူနိုင်သေးခင် အခုလို မုန်တိုင်းဒဏ်ကို ဆက်တိုက် ခံနေခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ