ကမ္ဘာကြီးကို ကယ်တင်မယ့် သူရဲကောင်း ဇာတ်ကောင်ဖန်တီးသူ

Image caption ကမ္ဘာကြီးကို ကယ်တင်မယ့် သူရဲကောင်း ဇာတ်ကောင်ဖန်တီးသူ

ဓါတ်ပုံအနုပညာဘွဲ့ လတ်တလော ရထားတဲ့ ဆေ့စ်ဗီဂါ ဆာရီဟာ ကာတွန်းရုပ်ပြ စာအုပ်တအုပ် ထုတ်ဖို့ အရင်က စိတ်ကူး တကယ်မရှိခဲ့ပါဘူး။

ဒါပေမယ့် သူ့အမက အင်စတာဂရမ်ပေါ်က ပြိုင်ပွဲကို လာပြပြီး ဆာရီဟာ့ကို ဝင်ပြိုင်ဖို့ တိုက်တွန်း ခဲ့ချိန်မှာတော့ သူမအနေနဲ့ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်လာခဲ့ပါတယ်။

အဲဒီပြိုင်ပွဲကတော့ ယူနီဆက်ဖ် နဲ့ Comics Uniting Nations တို့က အတူတွဲဖက်ပြုလုပ်တဲ့ ပြိုင်ပွဲပါ။

၉၉နိုင်ငံက လူငယ်ပေါင်းများစွာ ဝင်ပြိုင်ခဲ့ပြီး ရုပ်ပြပေါင်း ၂၉၀ဝ ကျော်ကို လက်ခံရရှိခဲ့ပါတယ်။ ရုပ်ပြ ၂၁၀ဝ ထဲကမှ ဆုရသူကိုရွေးချယ်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာ လူငယ်တွေ အမြောက်အမြားပါဝင် ဆင်နွှဲခဲ့သလို ရာသီဥတုပြောင်းလဲမှုနဲ့ ဆိုင်တဲ့ မှတ်ချက်တွေလည်း အလေးအနက်ထား ပေးခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သတ်တဲ့ သတင်းစကား အမြောက်အမြား ပေးနိုင်ခဲ့တယ်လို့ ယူနီဆက်ဖ် ဆက်သွယ်ရေးဒါရိုက်တာ ပလိုမာအက်ကျူဒီယိုက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နောက်ဆုံးလျှောက်လွှာ ပိတ်ခါနီး မိနစ်နှစ်ဆယ်လောက်မှာမှ သူမရဲ့ ပြိုင်ပွဲဝင်လျှောက်လွှာကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆာရီဟာက ပြောခဲ့ပါတယ်။ အဲတုန်းကတော့ သူမ စိတ်လှုပ်ရှားနေခဲ့ပေမယ့် ကိုယ့်ဘာသာ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ဘီဘီစီကို ဆာရီဟာက ပြောခဲ့ပါတယ်။

လာမယ့်နှစ်အစောပိုင်းမှာ ဆာရီဟာရဲ့ ရုပ်ပြဟာ သူမနာမည်နဲ့ ထွက်ရှိလာတော့မှာပါ။

ဇာတ်လမ်းကတော့ လာမယ့် ၂၀၂၅မှာ ဖြစ်မယ့် အဖြစ်အပျက်တခုအဖြစ် ရေးဖွဲ့ထားတာပါ။

လူတွေဟာ ရေနံသိုက်တွေအားလုံးကို မီးရှို့ခဲ့ကြတယ်။ ရေခဲချပ်တွေ အရည်ပျော်ပြီး ကျွန်းတွေအကုန် ရေအောက်ရောက်ကုန်တယ်လို့ သူမက ဆိုပါတယ်။

ဒီချိန်မှာ ဘုဂလန့်ဂွစာ သိပ္ပံပညာရှင်တယောက်က အပင်ထဲကို မျိူးရိုးဗီဇတခု ထိုးထည့်ပီး အပင်ကနေ မွေးဖွားတဲ့ သန္ဓေသား ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့အောက်ဆီဂျင်ကို ရှုရှိုက်ပြီး စွမ်းအားရှိတဲ့ သူရဲကောင်း တယောက်ကို မွေးဖွားစေဖို့ပါပဲ။

အဲဒီသူရဲကောင်းက အလင်းနဲ့ဓါတ်ပြုပြီး ကာဗွန်ထုတ်လွတ်မှု လုပ်ငန်းစဉ်ကို ပွားယူ လုပ်ဆောင်နိုင်ပြီး သူ့ဇာတ်ကောင်က သဘာဝရဲ့ လုပ်ငန်းစဉ်ကို စာနာ နားလည်နိုင်ပြီး ချိတ်ဆက် ဆက်သွယ်နိုင်ပါတယ်လို့ သူမကပြောပါတယ်။

သူမ ပုံကြမ်းတွေကို စတင်ရေးဆွဲနေစဉ်မှာ မကြာမီက အိန္ဒိယမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအတွက် စူပါဟီးရိုးကို ဆန်းသစ်တဲ့ ဖြေရှင်းချက်တစ်ခု အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။

"ချီနိုင်း က ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်ကို သူ့အတိုင်းအတာနဲ့ ထိတွေ့ ကြုံလာပြီးဖြစ်တယ်" လို့ သူမကပြောပါတယ်။

ကျွန်မတို့ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြုံတွေ့ခဲ့တဲ့ ရေလွှမ်းမိုးခြင်းနဲ့ ဆိုင်ကလုန်းကြောင့် ပျက်စီးသွားတဲ့ သက်ရှိနဲ့ သစ်ပင်တို့ ဖျက်ဆီးခံခဲ့ရတာကို အခုထိ ဖြေရှင်းနေရတုန်းပါ" လို့ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ချင်နိုင်းမှာ မြစ်ရေကြီးတာတွေ မိုးသည်းတာတွေ ကြုံခဲ့ရပါတယ်။

အခုလ အစောပိုင်းကတော့ အော့ချီ (OCkhi) ဆိုက်ကလုန်းကြောင့် အိန္ဒိယတောင်ပိုင်း ပြည်နယ်တွေမှာ ငါးဖမ်းသမား ရာနဲ့ချီ မုန်တိုင်းထဲမှာ ပျောက်ဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ချင်းနိုင်း မြစ်ရေကြီးတာကြောင့် လူရာနဲ့ချီသေဆုံးခဲ့သလို အခုချိန်ထိ တမြို့လုံးလည်း ပျက်စီးမှုတွေ ကြုံနေရတုန်းပါ။

ဆာရီဟာကတော့ ဒီသူမရဲ့ ရုပ်ပြကာတွန်းကြောင့်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ် မထင်ပါဘူး၊ ဒါပေမဲ့ သူမရဲ့ဇာတ်ကောင် သူရဲကောင်း Spark ကနေ သူမပေးခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကတော့ ကလေးတွေနဲ့ လူငယ်တွေကြားထဲ ရောက်ရှိသွားမယ်လို့ သူမ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နောက်နှစ်မှာ သူမရဲ့ ရုပ်ပြဇာတ်လမ်းကို ဖြန့်ဝေတဲ့အခါမှာ စာသင်ခန်းတွေထဲထိ ရောက်နိုင်ဖို့ သူမ မျှော်လင့်နေပါတယ်။

ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စဆိုတာ လေးလံ ပြီးနားလည်ရခက်တဲ့ ဘာသာရပ်ဖြစ်ပေမယ့် ဒီလို ရုပ်ပြကာတွန်းနဲ့ဆိုရင် ပျော်စရာနဲ့ စိတ်ဝင်စားစရာ ဖြစ်လာနိုင်တယ်လို့ သူမက ဆိုပါတယ်။

.

ဆက်စပ် အကြောင်းအရာများ