ကုလစီးပွားရေးပိတ်တာဟာ စစ်ကြေညာတာပဲလို့ မြောက်ကိုရီးယားပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption စီးပွားရေး ဒဏ်ခတ်မှု အသစ်တွေဟာ သူတို့ရဲ့ နျူးကလီးယား အစီအစဉ်ကို ပိုပြီး ရှေ့တိုးအောင်ပဲ တွန်းအားပေးသလို ဖြစ်လိမ့်မယ်

ကုလသမဂ္ဂက လတ်တလော စီးပွားရေးပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်တာဟာ စစ်ကြေညာတာဖြစ်ပြီး အချုပ်အချာအာဏာကို ထိပါးတာလို့ မြောက်ကိုရီးယားက ဝေဖန်လိုက်ပါတယ်။

အခုလို အလုပ်ခံရတာဟာ အမေရိကန်က မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ်တွေကို ကြောက်လန့်နေကြောင်း ပြနေပြီး အမေရိကန်ဘက်က မခံချိ မခံသာ ဖြစ်လာအောင်လုပ်ဖို့က ဒါတွေကို ရှေ့တိုးလုပ်ဖို့ နည်းလမ်းပဲ ရှိတယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အမေရိကန်က တင်သွင်းတဲ့ မြောက်ကိုရီးယားကို လောင်စာဆီတင်ပို့မှု ၉၀ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံက ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဖြစ်ပြီး ဒါဟာ စီးပွားရေး လမ်းကြောင်းတွေ လုံးဝ ပိတ်သွားအောင် လုပ်လိုက်တာပဲလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လောင်စာဆီ တင်သွင်းမှု တနှစ်ကို စည်ပေါင်း ငါးသိန်းအထိပဲ ခွင့်ပြုမှာ ဖြစ်ပြီး ရေနံစိမ်းကိုလည်း တနှစ်ကို စည်ပေါင်း လေးသန်းအထိသာ တင်သွင်းခွင့် ကန့်သတ်

အဲဒီ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားကို လောင်စာဆီ တင်သွင်းမှု တနှစ်ကို စည်ပေါင်း ငါးသိန်းအထိပဲ ခွင့်ပြုမှာ ဖြစ်ပြီး ရေနံစိမ်းကိုလည်း တနှစ်ကို စည်ပေါင်း လေးသန်းအထိသာ တင်သွင်းခွင့် ကန့်သတ်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရနေတဲ့ နိုင်ငံခြားငွေကို ကန့်သတ်ဖို့အတွက် ပြည်ပရောက်နေကြတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ ၂ နှစ် အတွင်း နေရပ်ကို ပြန်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပြီး မြောက်ကိုရီးယားဘက်က စက်ကိရိယာနဲ့ လျှပ်စစ်ပစ္စည်း တင်ပို့မှုကိုလည်း ပိတ်ပင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နိုဝင်ဘာလ ၂၈ ရက်နေ့က စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည်ကြောင့် ကုလသမဂ္ဂက အခုလို ပိတ်ပင်မှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်ပြန်

ပြီးခဲ့တဲ့လကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူးကလီးယားစမ်းသပ်မှုတွေအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးအပိုင်း အားပျော့လာစေဖို့ဆိုပြီး သူတို့ရဲ့ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်တဲ့ တရုတ်ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အမေရိကန် အစိုးရက ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားကို စီးပွားရေးဒဏ်ခတ်မှုတွေ ပြုလုပ်နေတာ ဆယ်စုနှစ် တခုကျော်လာပြီ ဖြစ်ပေမယ့် အောင်မြင်မှု မရသလောက် ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၆ နိုဝင်ဘာလ ၃၀ ရက်မှာ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ တရုတ်ကို ကျောက်မီးသွေး တင်ပို့မှု ၆၀% လောက်ကို ပိတ်ခဲ့

မြောက်ကိုရီးယားကတော့ စီးပွားရေး ဒဏ်ခတ်မှု အသစ်တွေဟာ သူတို့ရဲ့ နျူးကလီးယား အစီအစဉ်ကို ပိုပြီး ရှေ့တိုးအောင်ပဲ တွန်းအားပေးသလို ဖြစ်လိမ့်မယ်လို့ ပြောဆိုထားပြီးသား ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ အပြီးမှာ မြောက်ကိုရီးယားရဲ့ တုန့်ပြန် ပြုမူပုံတွေက သူတို့ပြောသလို တကယ်ဖြစ်နေတယ် ဆိုတာကို အောက်က ဥပမာတွေက သက်သေ ပြနေပါတယ်။

  • ၂၀၁၆ နိုဝင်ဘာလ ၃၀ ရက် ။ ။ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ တရုတ်ကို ကျောက်မီးသွေး တင်ပို့မှု ၆၀% လောက်ကို ပိတ်၊ ကြေး၊ နီကယ်၊ ငွေ၊ ဇင့်နဲ့ ရုပ်တု တင်ပို့မှုတွေလည်း ပိတ်။
  • ဘာတွေ ဆက်ဖြစ်ကုန်သလဲ ။ ။ ၂၀၁၇ မေလ ၁၄ ရက်မှာ မြောက်ကိုရီးယားက နျူးကလီးယားထိပ်ဖူး တပ်နိုင်တယ်ဆိုတဲ့ ဒုံးကျည်သစ်ကို စမ်းသပ်
  • ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက် ။ ။ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ ပြည်ပထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်နဲ့ အရာရှိတွေ အပါအဝင် အဖွဲ့အစည်း ၄ ခုရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ယူ သုံးစွဲခွင့်ပိတ်၊ ခရီးသွားခွင့်တွေလည်း ပိတ်
  • ဘာတွေ ဆက်ဖြစ်ကုန်သလဲ ။ ။ ၂၀၁၇ ဇူလိုင်လ ၄ ရက်မှာ မြောက်ကိုရီးယားက ပထမဆုံး တိုက်ချင်းပစ် ဒုံးကျည်တခု အောင်မြင်စွာ စမ်းသပ်နိုင်ပြီလို့ ကြေညာ
  • ၂၀၁၇ သြဂုတ်လ ၆ ရက် ။ ။ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေးနဲ့ သတ္ထုအရိုင်းတုံး တင်ပို့မှု ပိတ်ပင်၊ နိုင်ငံခြားက လာရောက် ရင်းနှီးမြုပ်နှံမှုတွေ မလုပ်ဖို့ ကန့်သတ်၊ မြောက်ကိုရီးယား နှစ်စဉ် ပို့ကုန်ဝင်ငွေရဲ့ သုံးပုံ တပုံဖြစ်တဲ့ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ သန်းတထောင်ဖိုး ထိခိုက်
  • ဘာတွေ ဆက်ဖြစ်ကုန်သလဲ ။ ။ ၂၀၁၇ စက်တင်ဘာလ ၃ ရက်မှာ မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်ထိပ်မှာ အရွယ်သေးအောင် ချုံ့ပြီး တပ်ဆင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်လိုက်ကြောင်း ကြေညာ

ဆက်စပ် အကြောင်းအရာများ