ဂွာတီမာလာသံရုံးကို ဂျေရုဆလင်ရွှေ့မည်

ဓာတ်ပုံ မူပိုင် Reuters
Image caption ထာဝရ၊ ခွဲခြမ်းစိတ်ဖြာလို့မရတဲ့ မြို့တော် အဖြစ်ရှုမြင်

လူမှုကွန်ယက်စာမျက်နှာပေါ်က ပို့စ်တခုမှာ ဂွာတီမာလာ သမ္မတ မစ္စတာ မိုရေးက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု နဲ့ စကားပြောအပြီးမှာ သူ့နိုင်ငံရဲ့ သံရုံးကို အစ္စရေးကနေ ဂျေရုဆလင်ကို ရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့အပတ်က ဂွာတီမလာဟာ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ရေး အမေရိကန်ရဲ့ အဆိုကို ထောက်ခံတဲ့ နိုင်ငံ ကိုးနိုင်ငံထဲက တနိုင်ငံဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံက အမေရိကန် သမ္မတ ထရမ့်ရဲ့ ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် အသိအမှတ်ပြုမှုကို အသိအမှတ်မပြုနိုင်ဘူး ဆိုတဲ့ အဆိုကို ကန့်ကွက်ခဲ့တဲ့ နိုင်ငံ ကိုးနိုင်ငံထဲမှာ ဂွာတီမာလာလည်းပါဝင်ပါတယ်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ် မပြုနိုင်ဘူး ဆိုတဲ့အဆိုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီဇင်ဘာလ ၂၁ရက်နေ့က မဲခွဲ ဆုံးဖြတ် ခဲ့ရာမှာ နိုင်ငံပေါင်း ၁၂၈ နိုင်ငံက ထောက်ခံခဲ့ပြီး ၊ ၃၅ နိုင်ငံက ကြားနေကာ၊ ၉နိုင်ငံကတော့ အဲဒီအဆိုကို ကန့်ကွက်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အစီအစဉ်ကို မထောက်ခံရင် ငွေကြေးထောက်ပံ့မှုတွေ ဖြတ်တောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့ပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံကတော့ ဂျေရုဆလင်ကို အစ္စရေးတို့ရဲ့ မြို့တော်အဖြစ် အသိအမှတ် မပြုနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့ ဂွာတီမာလာ နိုင်ငံရဲ့ အဓိကအလှူရှင်နိုင်ငံလည်းဖြစ်ပြီး အကူအညီအထောက်အပံ့တွေကို အများဆုံးပေးထားတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ သံရုံးကို တဲလ်အဗီး ကနေ ဂျေရုဆလင်ကို မရွှေ့မှီ သမ္မတ မိုရေးက ဂွာတီမာလာ တာဝန်ရှိသူတွေကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ညွန်ကြားထားပါတယ်။

ပြီးတော့ သူက အစ္စရေးဟာ ဂွာတီမာလာနဲ့ နှစ်ပေါင်းကြာရှည်နေပြီဖြစ်တဲ့ မဟာမိတ်နိုင်ငံဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ ပဋိပက္ခတွေမှာ အဓိက အခန်းကဏ္ဍအဖြစ်ရှိခဲ့ပြီး အခုတော့ ဒီနေရာကို အစ္စရေးမြို့တော်အဖြစ် ပြောင်းလဲမှုကြောင့် မကျေလည်မှု အဓိကရုဏ်းတွေဆီကို ဦးတည်နေပြီ ဖြစ်ပါတယ်။

အစ္စရေးအနေနဲ့ ဂျေရုဆလင်ကို သူတို့မြို့တော်အဖြစ် အမြဲ သဘောထားခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲအပြီး သိမ်းပိုက်ခံခဲ့ရတဲ့ ဂျေရုဆလင် အရှေ့ပိုင်းကို ပါလက်စတိုင်းတို့ကလည်း အနာဂတ် ပါလက်စတိုင်းမြို့တော် အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဂျေရုဆလင်ကို အစ္စရေးရဲ့ အချုပ်အချာ အာဏာပိုင် မြို့တော်တခုအဖြစ် နိုင်ငံတကာကော တခြား နိုင်ငံတွေကပါ အသိအမှတ် မပြုကြောင်း ပြောဆိုနေကြပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တဲလ်အဗီးကနေ ဂျေရုဆလင်ကို အမေရိကန်သံရုံးကို ရွှေ့ဖို့ စတင်လုပ်ဆောင်နေပြီ လို့ ပြောခဲ့ပါတယ်။