မင်းသားဟယ်ရီက သမ္မတဟောင်း အိုဘားမားကို အင်တာဗျုး

Image caption ဟယ်ရီက ဧည့်သည် အယ်ဒီတာ အနေနဲ့ ဝင်ရောက် ပါဝင်

ဆိုရှယ်မီဒီယာကို တာဝန်မဲ့ အသုံးပြုနေကြတဲ့ အပြုအမူတွေ အပေါ် အမေရိကန်သမ္မတဟောင်း အိုဘားမား သတိပေး လာပါတယ်။

၂ဝ၁၇ နှစ်စပိုင်း၊ ဇန်နဝါရီလ သူ တာဝန်ကနေ အနားယူပြီး နောက်ပိုင်း ရှားရှားပါးပါး ပေးလာတဲ့ အင်တာဗျုး မေးမြန်းခန်း အစီအစဉ်မှာ မစ္စတာ အိုဘားမားက ပြောခဲ့တာပါ။

ဘီဘီစီ ရေဒီယိုဖိုးရဲ့ တူဒေးဆိုတဲ့ အစီအစဉ်မှာ ထူးထူးခြားခြား ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီက ဧည့်သည် အယ်ဒီတာ အနေနဲ့ ဝင်ရောက် ပါဝင်ပြီး အိုဘားမားနဲ့ မေးမြန်းခန်း တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး အိုဘားမား ပြောခဲ့တာက "အင်တာနက်ပေါ် အများသူငါ အားလုံး အသုံးပြုနိုင်တဲ့ နေရာမျိုးကို ဦးစီးဦးဆောင် အခန်းကဏ္ဍ ရယူထားသူတွေ အနေနဲ့ ဖန်တီးပေးရမယ်၊ အင်တာနက်ပေါ်မှာ တကယ့် အဖြစ်အပျက်တွေနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ အချက်အလက်မျိုးတွေ ဖန်တီး ရယူနိုင်တာ ကြောက်စရာ အကောင်းဆုံး အန္တရာယ် တစ်ခုပဲ။ ကိုယ်သန်ရာ၊ ကိုယ့်လိုရာ စွဲထားတဲ့ သတင်းအချက်အလက်တွကြား မှာပဲ လူတွေက မွေ့လျော်လိုတယ်" ဆိုပြီး မစ္စတာ အိုဘားမားက ပြောသွားခဲ့ပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ထရမ့် ဆိုရင် တွစ်တာဆိုတဲ့ ဆိုရှယ်မီဒီယာကို အင်မတန် အသုံးချသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထရမ့်ကို နာမည် တပ်ပြောတာမျိုးတော့ အိုဘားမား မလုပ်ခဲ့ပါဘူး။

Image caption ထရမ့်ကို နာမည် တပ်ပြောတာမျိုးတော့ မလုပ်

မင်းသားဟယ်ရီနဲ့ အိုဘားမားတို့ရဲ့ အင်တာဗျုးဟာ လေးနက်တဲ့ အကြောင်းအရာတွေချည်းပဲ ပြောနေတဲ့ ပျင်းစရာ အစီအစဉ် မဟုတ်ပါဘူး။ အင်မတန် ရီမော ပျော်ရွှင်စရာ ကောင်းပါတယ်။

မင်းသား ဟယ်ရီက အိုဘားမားကို ဘယ်အရာ ပိုကြိုက်သလဲ ဆိုတဲ့ မေးခွန်းမျိုးလေးတွေလဲ ပေါ့ပေါ့ပါးပါး မေးခဲ့ပါတယ်။

ဝီလျမ်နဲ့ ဟယ်ရီ ဆိုရင် ဘယ်သူ့ကို ရွေးမလဲ ဆိုတော့ …. အိုးဘားမားက ပါးပါးနပ်နပ်ပဲ အခု လောလောဆယ် ဆိုရင် ဟယ်ရီ တဲ့၊ နောက် … လား Good Wife လားလို့ မေးတော့လဲ အိုဘားမားက Suits ကို ရွေးပါတယ်။

ရှေ့နေနဲ့ တရားရုံး အမှုတွေကို ရိုက်ထားတဲ့ တီဗွီစီးရီးစ်ချင်း အတူတူ Suits ထဲမှာက မင်းသားဟယ်ရီနဲ့ စေ့စပ်ထားတဲ့ မဂ္ဂန်မာ့ခဲလ်က အဓိက သရုပ်ဆောင် တစ်ယောက်ပါ။ ဒီတော့ အိုဘားမားက Suits လို့လည်း ဖြေလိုက်ရော မင်းသားလည်း သိပ်ကောင်းတဲ့ အဖြေပဲ ဆိုပြီး သဘောကျ သွားပါတယ်။

Image caption Suits ကို ကြိုက်တယ်ဆိုတဲ့ အဖြေကို မင်းသားသဘောကျ

အိုဘားမားက သူ သမ္မတ နေရာကနေ ဆင်းပေးခဲ့ချိန်မှာ လုပ်စရာတွေ တချို့ မပြီးမြောက်ခဲ့ဘူး ဆိုတဲ့ ခံစားချက် ရှိခဲ့ပြီး၊ အမေရိကန် တိုင်းပြည် ရှေ့ခရီး ဘယ်လို ဆက်မလဲ ဆိုတဲ့ အပေါ် စိုးရိမ်စိတ် ရှိခဲ့တယ်လို့ ပြန်ပြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် သူ့ အချိန်တုန်းကတော့ သူ အကောင်းဆုံး လုပ်ပေးခဲ့တယ်လို့ အိုဘားမားက ပြောရင်းမှာပဲ သူ့ရဲ့ အအောင်မြင်ဆုံး စွမ်းဆောင်ချက် ဆိုရင် အိုဘားမားကဲ လို့ ခေါ်တွင်တဲ့ ကျန်းမာရေး စနစ်ကို ဖန်တီး ပေးနိုင်ခဲ့လို အရင် ဆေးကုဖို့ အာမခံ မထားနိုင်ခဲ့တဲ့ အမေရိကန် ပြည်သူ သန်း ၂ဝ အာမခံချက်ရလာခဲ့တာ ဆိုပြီး ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိုဘားမား အတွက်ရုပ်ပုံမှတ်တမ်း

ဆက်စပ် အကြောင်းအရာများ