ယူကရိန်းအစိုးရနဲ့ သူပုန် အကျဉ်းသား ၃၀၀ လဲလှယ်

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ပဋိပက္ခ နောက်ပိုင်း ပထမဆုံး အကြိမ် အကျဉ်းသား ၃၀၀ နီးပါး လဲလှယ်။

ယူကရိန်း အစိုးရနဲ့ နိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တို့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လဲလှယ်ခဲ့ကြတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၄ခုနှစ်က ယူကရိန်း အစိုးရနဲ့ ရုရှားလိုလားတဲ့ သူပုန်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ နောက်ပိုင်း ပထမဆုံး အကြိမ် အကျဉ်းသား ၃၀၀ နီးပါး လဲလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အစိုးရဖက်က ဖမ်းဆီးထားတဲ့ လူ ၂၃၃ ဦး သူပုန်တွေ ထိန်းချုပ်တဲ့နယ်မြေဖက်ကို ပြန်ပို့ခဲ့သလို သူပုန်တွေ ဖမ်းထား တဲ့ လူ ၇၀ နီးပါးကိုလည်း လွတ်ပေးခဲ့ပါတယ်။

တချို့ အကျဉ်းသားတွေက သူတို့ရဲ့ နေရပ်ကို ပြန်ဖို့ ငြင်းဆန်တာတွေ ရှိတယ်လို့လည်း ဆိုပါ တယ်။

ဒီလိုလဲလှယ်ဖို့ တလနီးပါးကြာ ရှရုား သမ္မတ၊ ယူကရိန်း သမ္မတနဲ့ ဘာသာရေး ခေါင်းဆောင်တချို့ ညှိနှိုင်းခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အကျဉ်းသားတွေက သူတို့ရဲ့ နေရပ်ကို ပြန်ဖို့ ငြင်းဆန်တာတွေ ရှိတယ်။

၂၀၁၅ ခုနှစ်က အစိုးရနဲ့သူပုန်တွေအကြား လက်မှတ်ရေး ထိုးထားတဲ့ Minsk ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာ ပါတဲ့ အချက် တခုကို အထောင်ထည်ဖော်တဲ့ အနေနဲ့ အကျဉ်းသားတွေ ဖလှယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သဘောတူညီချက်ကို အကောင်ထည်ဖော်ဖို့ ၂ ဖက်စလုံးက နှောင့်နှေးနေဆဲ ဖြစ်သလို ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေ ရှိနေဆဲလို့ ယူကရိန်းအရေး လေ့လာသူတွေက သုံးသပ်ပါ တယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လဲလှယ်ဖို့ တလနီးပါးကြာ ရှရုား သမ္မတ၊ ယူကရိန်း သမ္မတနဲ့ ဘာသာရေး ခေါင်းဆောင်တချို့ ညှိနှိုင်းခဲ့ကြတာပါ။

အကျဉ်းသားတွေ ဖလှယ်တာကို ဗြိတိန်အစိုးရက ကြိုဆိုလိုက်ပါတယ်။

ခရိုင်းမီးယားကို ရှရုားက ၂၀၁၄ ခုနှစ် ဧပြီမှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ယူကရိန်းအရှေ့ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီပဋိပက္ခကြောင့် လူ ၁ သောင်းနီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ