မြန်မာသင်္ဘောသားတွေပါတဲ့ ရေနံတင်သင်္ဘော အဖမ်းခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတစင်းကို ဖမ်းခဲ့

မြန်မာနဲ့ တရုတ်သင်္ဘောသားတွေပါတဲ့ ပနားမားအလံထောင် ရေနံတင်သင်္ဘော တစင်းဟာ နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ သံသယရှိခံရတဲ့အတွက် တောင်ကိုရီးယား အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားကို လောင်စာဆီ တင်ပို့မှု ကန့်သတ်တဲ့ စီးပွားရေး ဒဏ်ခတ်မှု စည်းကမ်းနဲ့ မညီဘူးလို့ သံသယရှိခံရတဲ့ ရေနံ တန် ၅၁၀ဝ တင်နိုင်တဲ့ ကိုတီ အမည်ရ အဲဒီသင်္ဘောကို တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်းက ပြုန်တက်မြို့အနီးမှာ ဖမ်းမိခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောတစင်းက မြောက်ကိုရီးယား သင်္ဘောတစင်းပေါ်ကို ရေပြင်မှာ ရေနံ တန်ခြောက်ရာ လွှဲပြောင်းခဲ့တယ်ဆိုပြီး တောင်ကိုရီးယား အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အတွက် အခုလို ဖမ်းမိထားတဲ့ သင်္ဘော ၂ စင်းရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ သင်္ဘောရဲ့ နာမည်ကတော့ လိုက်ဟောက်စ် ဝင်းမော ဖြစ်ပြီး တောင်ကိုရီးယားက သန့်စင်ပြီး ရေနံတွေကို ထိုင်ဝမ်ကို ပို့ရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က နိုင်ငံတကာပိုင် ပင်လယ်ပြင်မှာ မြောက်ကိုရီးယား သင်္ဘောကို ရေနံတွေ လွှဲပြောင်းခဲ့တဲ့အတွက် အဲဒီ သင်္ဘော တောင်ကိုရီးယားကို ပြန်အလာမှာ အာဏာပိုင်တွေက စစ်ဆေး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ချမှတ်လိုက်တဲ့ မြောက်ကိုရီးယားကို စီးပွားရေး ဒဏ်ခတ်မှုတွေထဲမှာ လောင်စာဆီ ၉၀ ရာခိုင်နှုန်းအထိ တင်သွင်းခွင့် ပိတ်ပင်မှု အပြင် ရေနံ အပါအဝင် ဘယ်ကုန်ပစ္စည်းမျိုးကိုမှ နိုင်ငံခြားသင်္ဘောတွေနဲ့ လွှဲပြောင်းခွင့် ပိတ်ပင်မှုလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယားရဲ့ နျူကလီယား ရည်မှန်းချက်

ပြီးခဲ့တဲ့ အပတ်ကတော့ အမေရိကန်သမ္မတ ထရမ့်က တရုတ်ဟာ မြောက်ကိုရီးယားကို တရားမဝင် ရေနံပို့တာကို ခွင့်ပြုနေတယ်လို့ စွပ်စွဲထားပြီး ရေနံတွေ မြောက်ကိုရီးယားကို တင်ပို့ခွင့် ပေးနေသေးတယ်ဆိုတဲ့ မြောက်ကိုရီးယားအရေးကို မိတ်ဆွေသဘောနဲ့ အေးအေးဆေးဆေး ဖြေရှင်းနေလို့ မရတော့ဘူးလို့လည်း ဝေဖန်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်ပြန်

မြောက်ကိုရီးယားရဲ့ နျူးကလီးယားဗုံးနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားရဲ့ နျူးကလီးယားဗုံးနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ ဒီလထဲမှာ နောက်ဆုံးချမှတ်လိုက်တဲ့ မြောက်ကိုရီးယားကို စီးပွားရေး ဒဏ်ခတ်မှုကို သဘောတူထားတဲ့ တရုတ်နိုင်ငံကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။