ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းအနီး စစ်သွေးကြွ တဦးဖမ်းမိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခြောက်သိန်းကျော် ရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယူကီးယားခရိုင်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ စခန်းတခု အနီးမှာ အစ္စလာမ္မစ် စစ်သွေးကြွတဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို့ AFP သတင်းဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြမ်းဖက်သမားတွေကို ကိုင်တွယ်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ RAB က အသက် ၃၀ အရွယ် ရှိတဲ့ မစ္စတာ ရှာဖူ အာဝယ်ဟာ နိုင်ငံတကာက အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အာဝယ်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အကြား အဆက်အစပ် ရှိမရှိကိုတော့ မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။

မစ္စတာ အာဝယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်တကောင်းဒေသမှာ အကြမ်းဖက်ဝါဒနဲ့ ဖောက်ခွဲရေး ပစ္စည်း ဆိုင်ရာ ဥပဒေတွေနဲ့ စွပ်စွဲခံရပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားသူဖြစ်တယ်လို့ အဲဒီ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က ပြောပါတယ်။

သူ့ကို လွှတ်ပေးအပြီးမှာ မစ္စတာ အာဝယ်က အစ္စလာမ္မစ် ဂျီဟက်ဒ် နိုင်ငံတော် ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ အကြမ်းဖက် အုပ်စုတွေကို လူမှုကွန်ယက် မီဒီယာက တဆင့် ဆက်သွယ်ခဲ့သလို သူကိုယ်တိုင်လည်း ပြည်တွင်း အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ဂျမာ ယက်တူ မူဂျာဟေဒင် ဘင်္ဂလားဒေ့ရှ် (JMB) အဖွဲ့ဝင် ဖြစ်တယ်လို့ ရဲတွေက စွပ်စွဲထားပါတယ်။

JMB အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် တရားမဝင်ကြောင်း ကြေညာထားပြီး နှိမ်နင်းနေပေမယ့် JMB အဖွဲ့ဝင်သစ်တွေက လတ်တလော အကြမ်းဖက်မှုတွေ ပြန်လုပ်လာပြီး ၂၀၁၆ ဇူလိုင်လက ဒါကာမြို့ ကော်ဖီဆိုင် အကြမ်းဖက်မှုမှာ နိုင်ငံခြားသား ၁၈ ယောက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ