တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ပြန်ဆက်သွယ်

ဓာတ်ပုံ မူပိုင် EPA
Image caption နယ်စပ်ရွာက တိုက်ရိုက် အရေးပေါ် တယ်လီဖုန်းလမ်းကြောင်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း အမိန့်နဲ့ ရပ်တန့်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်းကို ၂ နှစ် နီးပါးအကြာမှာ မြောက်ကိုရီးယားဘက်က ပြန်ဖွင့်လိုက်ပါတယ်။

ဇန်နဝါရီလ ၃ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ် (ဂရင်းနစ် စံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်) မှာ မြောက်ကိုရီးယားဆီက အဆက်အသွယ် ပြန်ရခဲ့တယ်လို့ တောင်ကိုရီးယားဘက်က အတည်ပြုပါတယ်။

တောင်ကိုရီးယားမှာ ဖေဖော်ဝါရီလကျရင် ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို မြောက်ကိုရီးယား အားကစားအဖွဲ့ စေလွှတ်နိုင်ဖို့ တောင်ကိုရီးယားနဲ့ ဆွေးနွေးသွားမယ်လို့ မစ္စတာကင်က အစောပိုင်းတုန်းက ဆိုထားပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီး အဆင့် ဆွေးနွေးပွဲ မပြုလုပ်နိုင်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလ ကတည်းကပါ။

မြောက်ကိုရီးယား အစိုးရရုပ်သံက ကြေညာချက်မှာ ဖေဖော်ဝါရီ ဆောင်းရာသီ အိုလံပစ်ပွဲကို မြောက်ကိုရီးယား အဖွဲ့ စေလွှတ်နိုင်ဖို့ အတွက် လက်တွေ့ကျကျ ဆွေးနွေးတာတွေ လုပ်မယ်လို့ ဆိုပါတယ်။

အခုလို ဆက်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်လာတာက သိပ်ကို ထူးခြား မှုရှိပြီး အချိန်မရွေး ဆက်သွယ် စကားပြောဆိုနိုင်မယ့် အနေအထား ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းရဲ့ ပြန်ကြားရေး အရာရှိက ပြောပါတယ်။

တောင်နဲ့ မြောက် နှစ်နိုင်ငံကြားမှာ အရင်တုန်းကတော့ ဆက်သွယ်ရေးလမ်းကြောင်းတွေ တခုမက ရှိခဲ့ပါတယ်။ အခု ပြန်ပွင့်ခဲ့တဲ့ တိုက်ရိုက် တယ်လီဖုန်းလမ်းကြောင်းကတော့ အရင် ဆွေးနွေးပွဲတွေ လုပ်လေ့ရှိတဲ့ နယ်စပ်က ပန်မွန်ဂျုံရွာမှာ ရှိပါတယ်။

အိုလံပစ် အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအသင်း ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ကို ခေါင်းဆောင် မစ္စတာကင်က အလို ရှိနေပြီး ဒါဟာ မြောက်ကိုရီးယား ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ဖို့ အခွင့်အလမ်းကောင်း တရပ် ဖြစ်ကြောင်း သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်း ဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယား အိုလံပစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၆ ခု ဆွတ်ခူးခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ