ဆူပူမှုတွေရဲ့ နိဂုံးလို့ အီရန်ဗိုလ်ချုပ် ကြေညာ

Image caption ချီတက်ပွဲတွေကို အီရန် အစိုးရ ရုပ်မြင်သံကြားက တိုက်ရိုက် ထုတ်လွှင့်

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ သီတင်းတစ်ပတ်ကြာ ရှိနေပြီ ဖြစ်တဲ့ အီရန်မှာ အစိုးရ ထောက်ခံပွဲ အင်အားပြ ချီတက်ပွဲတွေကိုလည်း အီရန်အစိုးရရဲ့ စီစဉ်မှုနဲ့ ပြုလုပ် လာပါတယ်။

အဲဒီ အစိုးရ ထောက်ခံပွဲတွေ ပြုလုပ်နေတဲ့တီဟီရန်၊ ကာမန်ရှား၊ အီလမ်နဲ့ ဂိုဂမ် အပါအဝင် မြို့တချို့က ချီတက်ပွဲတွေကို အီရန် အစိုးရ ရုပ်မြင်သံကြားက တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

ဒီလို လူတွေ သိန်းနဲ့ချီပြီး တန်ပြန် ချီတက်ပွဲတွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော် နေသူတွေ အပေါ် အောင်ပွဲရလိုက်တာပဲ ဆိုပြီး၊ အီရန် တော်လှန်ရေး သက်စောင့်တပ်တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမက်ဒ် အလီ ဂျာဖာရီက ကြွေးကြော် ခဲ့ပါတယ်။

Image caption အီရန် တော်လှန်ရေး သက်စောင့်တပ်တွေရဲ့ ဦးစီးချုပ်

၉၆ ဆူပူမှုတွေရဲ့ နိဂုံးလို့ ကြေညာနိုင်ပြီ ဆိုပြီး ဗိုလ်ချုပ် ဂျက်ဖာရီက ပြောတာပါ။

သူပြောတဲ့ ၉၆ ဆိုတာ အီရန်နိုင်ငံရဲ့ အဓိက လူမျိုးစု ပါရှဲန်တွေရဲ့ လက်ရှိ ခုနှစ် သက္ကရာဇ် ၁၃၉၆ ကို ရည်ညွှန်းပြီး ပြောခဲ့တာပါ။

သူပြောတဲ့ ၉၆ အုံကြွမှုတွေ ပေါက်ကွဲထွက်လာတာ ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ ကတည်းက ဖြစ်ပြီး၊ အစကတော့ ကုန်စျေးနှုန်း ကြီးမြင့်တဲ့ ဒဏ်၊ အစိုးရ ယန္တရားထဲ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာတွေကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အစိုးရ တစ်ခုလုံး အပေါ် ဆန့်ကျင်တဲ့ အသွင် ဆောင်လာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန်ဆန္ဒပြပွဲတွေနောက်မှာ သွေးထိုးမှုတွေရှိလို့ အီရန်ခေါင်းဆောင်ပြော

အီရန် အစိုးရကတော့ ဒီ ဆန္ဒပြမှုတွေဟာ ပြည်ပ ပယောဂကြောင့်လို့ ဆိုနေပြီး၊ အစ္စလာမ်မစ် နိုင်ငံ အီရန် အပေါ် ရန်သူတွေက ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ လုံခြုံရေး နယ်ပယ် အသီးသီးကို ခြိမ်းခြောက်ဖို့ ကြိုးစား နေကြတာလို့ ယူဆ နေပါတယ်။

အီရန်ပြည်တွင်းက လူထု အုံကြွမှုကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေလည်း ပဲရစ်နဲ့ ဘရပ်ဆဲလ်တို့လို ဥရောပ မြို့ကြီးတွေက အီရန် သံရုံးရှေ့ ပေါ်ပေါက် လာခဲ့ပါတယ်။

အီရန်ပြည်တွင်းမှာ သန္ဓေတည် ပေါက်ဖွားလာတဲ့ အံတု တွန်းလှန်မှုနဲ့ အတူ ရပ်တည်ကြောင်း ပြသဖို့ ရောက်လာတာလို့ ပဲရစ်မြို့ သံရုံးရှေ့ ဆန္ဒပြဖို့ ရောက်နေခဲ့တဲ့ အက်ဖ်ချီနီ အလာဗီ က ဆိုပါတယ်။

သူပြောတဲ့ အံတုမှု ဖြစ်လာခဲ့တဲ့ တစ်ပတ်တာ အတွင်း လူ ၂၁ ယောက် သေဆုံးခဲ့ရတဲ့ အထိ သွေးထွက်သံယို ဖြစ်ရပ်တွေလည်း ပေါ်ပေါက် ခဲ့ပါတယ်။

Image caption ရောပ မြို့ကြီးတွေက အီရန် သံရုံးရှေ့ ဆန္ဒပြနေ

ဆန္ဒပြ နေတဲ့ အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို အီရန် အာဏာပိုင်တွေ လေးစားဖို့ သိပ် အရေးကြီးတယ်၊ ထိန်းသိမ်း ခံထားရတဲ့ သူတွေ ရဲ့ အသက်တွေကိုလည်း ရန်မရှာဖို့ တောင်းဆိုတယ် ဆိုပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့ဒ် အယ်လ် ဟူစိန်ရဲ့ ပြောခွင့်ရ Elizabeth Throssell က ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်း အထိတော့ အီရန်နိုင်ငံထဲ နေရာတချို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ အသစ်တွေ ထပ်ပြီး ဖြစ်လာတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

ဆိုရှယ် မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယိုထဲမှာဆိုရင် Nowshahr ဆိုတဲ့ မြောက်ပိုင်းမြို့က ဆန္ဒပြသူတွေဟာ "အာဏာရှင် သေဆုံးပါစေ" ဆိုပြီး ကြွေးကြော် နေကြတာမှာ၊ ဒါဟာ အထွဋ်အထိပ်ခေါင်းဆောင် အယာတိုလာ ခါမေနီကို ရည်ညွှန်းတာဆိုပြီး သတင်းထောက်တွေက ပြောနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ