ထိုင်းက လိင်အင်္ဂါဖြူ ကုထုံးနည်းသစ်

Man on hospital bed ဓာတ်ပုံ မူပိုင် LeLuxHospital
Image caption ကုထုံးက နာကျင်နိုင်တယ်လို့ သတိပေးထား

ထိုင်းမှာ ဒီရက်ပိုင်း ခေတ်စားလာတဲ့ အမျိုးသား လိင်အင်္ဂါကို ဖြူအောင် လုပ်တဲ့ ကုထုံးကြောင့် နိုင်ငံရဲ့ အလှပြုပြင်ရေး လုပ်ငန်းကို သိပ်တဘက်စွန်း ရောက်နေပြီလား စဉ်းစားလာကြပါတယ်။

အသားဖြူ အောင် လုပ်တာက အသားညိုတဲ့သူတွေကို အလုပ်ကြမ်း လုပ်ရသူ၊ ဆင်းရဲသူတွေလို့ မြင်ကြတဲ့ အာရှမှာ မဆန်းတော့ပါဘူး။

ဒါတောင် ဆေးခန်း တခုက အင်တာနက်မှာ တင်ထားတဲ့ လိင်အင်္ဂါဖြူ ကုထုံးကြော်ငြာ တခုက ချက်ချင်းကို လူတွေကြားထဲမှာ ပေါက်သွားပါတယ်။

ထိုင်း ကျန်းမာရေး ဌာနကတော့ ဒီကုထုံးနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ထားပါတယ်။

ဒီကုထုံးကို ယူခဲ့သူ တယောက်ကတော့ ရေကူး ဘောင်းဘီတိုနဲ့ နေတဲ့အခါ သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု မြင့်ချင်တယ်လို့ ဆိုပါတယ်။

နောက် အသက် ၃ဝ အရွယ် အမျိုးသားကတော့ ကုထုံး ယူပြီး နှစ်လ အတွင်း အရောင် သိသာအောင် ပြောင်းတယ်လို့ ဆိုပါတယ်။

ဘာအတွက်လဲ

ဒီကုထုံးကို ကြော်ငြာတဲ့ ဆေးခန်းက တင်တဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ လေဆာ ရောင်ခြည် သုံးပြီး အရေပြားထဲက မယ်လာနင် ဓာတ်ကို ဖြိုခွဲမယ်လို့ ရေးထားပါတယ်။

နှစ်ရက် အတွင်း ဒီပို့စ်ကို ဖလှယ်သူ တသောင်း ကိုးထောင် ကျော်သွားပါတယ်။

ခွဲစိတ်ခန်းထဲက ပုံတွေအပြင် ဆေးမကုမီနဲ့ ကုပြီး ပုံတွေကို သရုပ်ဖော်ပုံနဲ့ ပြပါတယ်။

မှတ်ချက်ပေးသူတွေကတော့ ရယ်စရာ ကောင်းတယ် ပြောသူကနေ ဘာလုပ်ဖို့လဲလို့ မေးခွန်းထုတ်သူတွေ ပါပါတယ်။

တချို့ကဆို ဖြူလွန်းလို့ ဓာတ်မီးလို သုံးလို့ ရတယ်လို့ ဟာသ လုပ်ပါတယ်။

အမျိုးသမီး တယောက် ကတော့ အရောင်အသွေးက အဓိက မဟုတ်ပါဘူး၊ အရွယ်နဲ့ လှုပ်ရှားပုံကသာ ပဓာနပါလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် LeluxHospital
Image caption အသားဖြူ ကုထုံး ရိုးသွားပြီးနောက် လိင်အင်္ဂါဖြူ နည်း လာ

Lelux ဆေးရုံ က စျေးကွက် မန်နေဂျာ ကတော့ အရင် လေးလ လောက်ကတည်းက အမျိုးသမီး အင်္ဂါဖြူအောင် လုပ်တဲ့ ကုထုံးကို သူတို့ စနေပြီလို့ ပြောပါတယ်။

အဲဒီမှာ လူနာတွေက အမျိုးသားတွေ အတွက်ကော မပါဘူးလား မေးကြလို့ သူတို့ အရင်လက စခဲ့တာလို့ ဆိုပါတယ်။

လေဆာနဲ့ ကုတဲ့ စရိတ်က ငါးခါအတွက် ဒေါ်လာ ၆၅ဝ ရှိပါတယ်။

တလကို အမျိုးသား အမျိုးသမီး လူနာ ၂ဝ က ၃ဝ လောက် ပုံမှန် ရနေပြီလို့လည်း ဆိုပါတယ်။

ဒီထဲမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဟောင်ကောင်ကထိ ပါပါတယ်။

လိင်တူ ဆက်ဆံသူ အမျိုးသားတွေနဲ့ လိင်ပြောင်းလဲသူတွေကြားမှာ သူတို့ လိင်အင်္ဂါ ကို ကြည့်ကောင်းအောင် လုပ်တာ ခေတ်စားတယ်၊ သူတို့က တကိုယ်လုံး ကြည့်ကောင်းချင်တယ်လို့ လည်း ဆိုပါတယ်။

လိင်အင်္ဂါဖြူ ကုထုံးက မလိုပါဘူး

ထိုင်းကျန်းမာရေး ဌာနကတော့ ဒီလိုကုထုံးမျိုး အတွက် နာကျင် ယောင်ယမ်းတာ၊ အမာရွတ် ပေါ်တာ၊ လိင်ဆက်ဆံတာနဲ့ မျိုးပွား အင်္ဂါတွေ ထိခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန် ထားပါတယ်။

ဒီကုထုံးကို ရပ်လိုက်ရင် အရေပြား က မူလ အရောင် ပြန်ပြောင်းပြီး အကြည့်ရဆိုးတဲ့ အပြောက်တွေ ပေါ်လာနိုင်တယ် လို့လည်း သတိပေးပါတယ်။

လိင်တံကို လေဆာနဲ့ ဖြူအောင် လုပ်စရာ မလိုပါဘူး၊ ငွေကုန်ပြီး အကျိုးယုတ်နိုင်ပါတယ် လို့ ကျန်းမာရေး ဌာန ဘက်က ဆိုပါတယ်။

ကြော်ငြာတွေက လူမျိုးရေး ခွဲခြားတယ်ဆို

အသားဖြူမှ လူချမ်းသာရုပ် ပေါက်တယ်လို့ ယူဆတဲ့ အရှေ့တောင် အာရှမှာ ဒီလို ကုထုံးတွေ ခေတ်စားတာ ဆယ်နှစ်လောက် ရှိပါပြီ။

Image caption အသားဖြူ ဆေးကြော်ငြာကို အသားအရောင် ခွဲတယ်လို့ ဝေဖန်

အသားဖြူဆေး ကြော်ငြာတွေ စျေးကွက်မှာ ပလူပျံ နေပြီး ဒီကြော်ငြာတွေကြောင့် အငြင်းပွားစရာတွေ ရှိလာပါတယ်။

လိမ်းဆေး ကြော်ငြာ တခုကဆိုရင် ဘန်ကောက်က ဘတ်စ်ကားဂိတ် လို နေရာတွေက ခုံတွေမှာ ဒီနေရာမှာ လူဖြူတွေသာ ထိုင်နိုင်တယ်လို့ ကပ်ထားပါတယ်။

နောက်ထပ် ထိုင်း အလှကုန် ကုမ္ပဏီ တခုကဆို လူမျိုးခွဲခြား လို့ ဆိုပြီး သူတို့ တင်ထားတဲ့ အသားဖြူဆေး ကြော်ငြာကို အင်တာနက်က ဖယ်ရှား လိုက်ရပါတယ်။

အဲဒီမှာ နာမည်ကြီး မင်းသမီး တယောက်က သူအောင်မြင်တာ အသားအရေ ကောင်းလို့လို့ ဆိုပါတယ်။

၂ဝ၁၄ က ထိုင်း နိုင်ငံမှာ ကျင်းပတဲ့ မယ်ကမ္ဘာ ပြိုင်ပွဲ တခုမှာတော့ အနိုင်ရသူရဲ့ အသားအရောင် ညိုတာကို လူတွေက အဓိက ထား မှတ်ချက် ပေးကြပါတယ်။

Andreas Illmer ၊ Nanchanok Wongsamuth နဲ့ Thanyarat Doksone တို့ ပေးပို့တယ်။