တောင်ကိုရီးယား က အိုလံပစ် ပွဲတော် ကို မြောက်ကိုရီးယားလည်း ပါဝင်ဆင်နွဲလာနိုင်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြောက်ကိုရီးယား က ပြုံချန်း ဆောင်းရာသီ အိုလံပစ် မှာ ပါဝင်လာရင် ဆက်ဆံရေး တိုးတက်လာနိုင်

ဖေဖော်ဝါရီလအတွင်း တောင်ကိုရီးယားမှာ လုပ်မယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို မြောက်ကိုရီးယား က သူတို့ အားကစား အသင်းကို စေလွှတ် နိုင်ပါတယ်။

စနေနေ့ က မြောက်ကိုရီးယား အိုလံပစ် ဆိုင်ရာ အရာရှိတယောက် ဖြစ်တဲ့ မစ္စတာ ချန်အွန် က ဘေဂျင်း လေဆိပ်မှာ ရောက်နေတုန်း ကျိုဒိုသတင်းဌာနကို ပြောတဲ့ အထဲမှာ သူတို့အနေနဲ့ အဲဒီ ပွဲမှာ ပါဝင်ဆင်နွဲဖို့ ဖြစ်လာနိုင် တယ် လို့ ပြောခဲ့ပါတယ်။

သောကြာနေ့တုန်းက လည်း ၂နိုင်ငံကြား တရားဝင်ဆွေးနွေးပွဲတွေ လာမယ့် ဇန်နဝါရီ ၉ ရက်နေ့မှာ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ဖြစ်လာမယ့် ၂ နိုင်ငံကြား ဆွေးနွေးပွဲတွေ ပါ။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း က သူ့ နှစ်သစ်ကူးမိန့်ခွန်း ထဲမှာ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပွဲတော် အောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ပြီး ပွဲတော်အတွက် သူတို့ ကိုယ်စားလှယ် စေလွှတ်မယ် လို့ ပြောခဲ့ပါတယ်။

အဲဒါကိုတုံ့ပြန် ပြီး တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း က ဒီကိစ္စကို အရာရှိတွေလွှတ်ပြီး တရားဝင် ဆွေးနွေးရအောင်လို့ ဆိုကာ ကမ်းလှမ်း ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီလို ခေါင်းဆောင် ၂ ယောက် ရဲ့ စကားတွေ ထွက်ပေါ်လာတဲ့ အကျိုးဖြစ်လာဖို့ ၂ နိုင်ငံ က အားကစား ဆိုင်ရာ အရာရှိတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ က လည်း အကြောင်းတခုပါ။

လာမယ့် ဇန်နဝါရီ လ ၉ ရက်နေ့ဆွေးနွေးပွဲ ကို ၂ နိုင်ငံကြား စစ်မဲ့ဇုန် အတွင်း က ငြိမ်းချမ်းရေး ရွာလို့ ခေါ်ဝေါ်ကြတဲ့ ပန်မန်ဂျုံမှာ လုပ်မယ်၊ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကိစ္စ လည်း ဆွေးနွေးကြမှာ ဖြစ်သလို ၂ နိုင်ငံ ဆက်ဆံရေး နဲ့ ပတ်သက်ပြီး တော့လည်း ဆွေးနွေးကြမယ် လို့ သိရပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ မစ်ဇိုင်းတွေ ပစ်ပြကြ၊ စစ်ရေးတွေ လေ့ကျင့်ပြကြနဲ့ တင်းမာမှုတွေ မြင့်လာနေတဲ့ အခုလို တွေ့ဆုံစကားပြောကြမယ် ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။

ဆက်စပ် အကြောင်းအရာများ