ဆောင်းရာသီအိုလံပစ်ပွဲ မြောက်ကိုရီးယား ယှဉ်ပြိုင်မယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ငြိမ်းချမ်းရေးအိုလံပစ်ဖြစ်ဖို့ တောင်ကိုရီးယား မျှော်လင့်

တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီလကျရင် ကျင်းပမယ့် ၂၀၁၈ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို မြောက်ကိုရီးယား အားကစားအဖွဲ့ ပါဝင် ယှဉ်ပြိုင်မယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

၂ နှစ် ကျော် အကြာမှာ ပြန်လည် ကျင်းပနိုင်ခဲ့တဲ့ တောင်နဲ့ မြောက် ထိပ်သီး ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ အပြီးမှာ ဒီကြေညာချက် ထွက်လာခဲ့တာပါ။

မြောက်ကိုရီးယား အဖွဲ့မှာ အားကစားသမားတွေ အပြင် အရာရှိ တချို့နဲ့ ပြိုင်ပွဲ လှုံ့ဆော်ဖျော်ဖြေရေး အကအလှ အဖွဲ့ တဖွဲ့လည်း ပါဝင်ပါမယ်။

ကိုရီးယားပြည်တွင်းစစ်အပြီး ကွဲကွာနေတဲ့ မိသာစုတွေ ပြန်လည် တွေ့ဆုံ နိုင်ဖို့ကိုလည်း တောင်ကိုရီးယားဘက်က အဆိုပြုထားပါတယ်။

ဒါဟာ နှစ်နိုင်ငံလုံးအတွက် စိတ်လှုပ်ရှားဖွယ် အပြည့် ဖြစ်ပြီး မိသားစုတွေ ပြန်ဆုံနိုင်ရေး တောင်ကိုရီးဘက်က စဉ်ဆက်မပြတ် တောင်းဆိုနေခဲ့တာပါ။

လပြက္ခဒိန်အရ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ကာလမှာ မိသားစု ပြန်လည်တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပြီး အဲဒီအချိန်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ပြုံချမ်း ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပနေချိန်လည်း ဖြစ်ပါမယ်။

၂၀၁၈ ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာလည်း တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ အားကစားသမားတွေ ယှဉ်တွဲ လမ်းလျှောက် ချီတက်ကြဖို့ကိုလည်း ဆိုးလ်ဘက်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဒီအချက်ကို မြောက်ကိုရီးယားဘက်က လက်ခံ၊ မခံ ဆိုတာကတော့ မသိရသေးပါဘူး။

နောက်ဆုံးအကြိမ် နှစ်နိုင်ငံ အားကစားသမားတွေ အတူ လမ်းလျှောက်ချီတက်ခဲ့ကြတာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၀၆ ဆောင်းရာသီ အိုလံပစ် မှာတုန်းကပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နျူကလီးယား ခလုတ် ဆိုတာ ရှိသလား

နယ်စပ် စစ်မဲ့ဇုန်က ငြိမ်းချမ်းရေး ရွာ ပန်မွန်ဂျုံ မှာ နှစ်ဖက် ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံ ဆွေးနွေးအပြီး မြောက်ကိုရီးယားအားကစားအဖွဲ့ ဆောင်းရာသီ အိုလံပစ်ဝင်မယ့် အခု ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီး အဆင့် ဆွေးနွေးပွဲ မပြုလုပ်နိုင်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလ ကတည်းကပါ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ နှစ်နိုင်ငံ ပူးတွဲလုပ်နေတဲ့ ကေဆွန်စီးပွားရေးဇုန် စီမံကိန်းကို တောင်ကိုရီးယားဘက်က ယာယီ ရပ်တန့်ခဲ့ပြီးနောက်ပိုင်းမှာ နှစ်ဘက် ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ခဲ့ပါတယ်။

အဲဒီကနေ မြောက်ကိုရီးယားဘက်က တယ်လီဖုန်းလိုင်း အပါအဝင် အဆက်အသွယ်တွေ အားလုံးကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း မြောက်ကိုရီးယားဟာ နိုင်ငံတကာက တားမြစ်ထားတဲ့ စွမ်းအားမြင့် ဒုံးကျည်စမ်းသပ်တာတွေကို ဆက်တိုက်လုပ်ခဲ့လို့ နှစ်နိုင်ငံ ဆက်ဆံရေးက ပိုလို့ ဆိုးရွား သွားခဲ့ပါတယ်။

ဒါပေမယ့် အိုလံပစ် အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအသင်း ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ကို ခေါင်းဆောင် မစ္စတာကင်က အလို ရှိနေပြီး ဒါဟာ မြောက်ကိုရီးယား ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ဖို့ အခွင့်အလမ်းကောင်း တရပ် ဖြစ်ကြောင်း သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်း ဆိုသွားခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာ မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံကြားက တယ်လီဖုန်း အဆက်အသွယ် လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ပြီး အခုလို နှစ်ဖက် ခေါင်းဆောင်းတွေ တွေ့ဆုံပွဲ ဖြစ်ပေါ်လာနိုင်ခဲ့တာပါ။

မြောက်ကိုရီးယားဟာ အိုလံပစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၆ ခု ဆွတ်ခူးခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ