လူတွေ ဖေ့စ်ဘွတ်မှာ အချိန်ဖြုန်းတာ နည်းအောင် ပြောင်းမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖေ့စ်ဘွတ် အမှုဆောင် အရာရှိချုပ် မာ့က် ဇူကာဘတ်

ဖေ့စ်ဘွတ် ကုမ္ပဏီဟာ လူတွေ ဖေ့စ်ဘွတ်ပေါ်မှာ အချိန်ဖြုန်းမှု နည်းလာအောင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

ဖေ့စ်ဘွတ်မူလ စာမျက်နှာမှာ ဖော်ပြမယ့် သတင်းတွေမှာ စီးပွားရေးဆိုင်ရာ သတင်းတွေထက် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေရဲ့ ပြောဆိုတင်ပြချက်တွေကို ဦးစားပေး ဖော်ပြတော့မှာ ဖြစ်ပါတယ်။

လူတွေဟာ ဖေ့စ်ဘွတ်စွဲလာပြီး စိတ်ကျန်းမာရေးပါ ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲတွေကို လာမယ့်အပတ်တွေထဲမှာ ဖော်ဆောင်ဖို့ ရှိပါတယ်။

ဖေ့စ်ဘွတ် ကို ဒီနှစ်မှာ ပြင်မယ် ဆိုပြီး ဖေ့စ်ဘွတ် အမှုဆောင် အရာရှိချုပ် မာ့က် ဇူကာဘတ်က ကြွေးကြော် ထားခဲ့တာပါ။

လူတွေ မတရား ကျူးလွန်ခံရတာတွေကနေ ကာကွယ်ပေးဖို့ ၊ ဒီဆိုက်မှာ သုံးသမျှ အချိန်ကို တန်ဖိုးရှိအောင် သုံးတာ ဖြစ်ဖို့ သူကြုံးဝါးနေခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Dominic Lipinski
Image caption လူကြိုက် အများဆုံး လူမှု မီဒီယာ ဖြစ်နေတဲ့ ဖေ့စ်ဘွတ်

နောက်ပြီး ဖေ့စ်ဘွတ် ကို နိုင်ငံ အစိုးရတွေ တလွဲသုံးတာတွေကနေ ကာကွယ်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

ဒီလူမှုကွန်ယက်တွေကို သုံးပြီး ရုရှားလို အစိုးရတွေက အင်တာနက်မှာ ကြီးစိုးအောင် ကြံစည်နေတာပါ။

ဒါတွေကို ဘယ်လို ဖယ်ရှား ရှင်းလင်းမလဲ၊ လူတွေကို ဘယ်လို သတင်းတွေ ဦးစားပေး ပို့မှာလဲ ဆိုတာက အငြင်းပွားစရာပါ။

ဖေ့စ်ဘွတ် မှာ စိစစ် ဖြတ်တောက်တဲ့ ကိစ္စက ဆွေးနွေး ငြင်းခုန်တာတွေ တအားများနေတယ်၊ လူ့အဖွဲ့အစည်း အကျိုး အတွက် ဖေ့စ်ဘွတ် က အရေးကြီးတယ် ဆိုတာ ဇူကာဘတ် သေချာ ရှင်းရှင်း ဝန်ခံလိုက်တာပဲလို့ ကယ်လီဖိုးနီးယား တောင်ပိုင်း သတင်း ဆက်သွယ်ရေး ကျောင်းက ဂေဘရီယယ် ခန်းက ပြောပါတယ်။

ဖေ့စ်ဘွတ်ကို ကောလာဟလ အတင်းအဖျင်း ဆိုက်တွေက ကင်းအောင် ဇူကာဘတ် အဖယ်ဆယ်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

သတင်းကို အားလုံးအတွက် အလကားပေးတယ် ဆိုတာက ပိုဒုက္ခရောက်စေတဲ့ ကိန်းမျိုး ဖြစ်နေတယ် လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။

ဖေ့စ်ဘွတ် ကနေ ဝက်ဆိုက်တွေကို လူလာအောင် လုပ်ရတဲ့ သတင်းမီဒီယာတွေ အတွက်တော့ ဒါက သတင်းကောင်း မဟုတ်ပါဘူး။

ဖေ့စ်ဘွတ် ကို သတင်းတွေ တင်တာထက် နဂိုမူလ အတိုင်း လူတွေ မိတ်ဆွေတွေကို ကိုယ်တင်ပြလိုတာ ပြန်ဖလှယ်တဲ့ ဆိုက် ပြန်ဖြစ်ဖို့ ဇူကာဘတ် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ