ကာဘူးလ်က စစ်သင်တန်းကျောင်း တိုက်ခိုက်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနီးတဝိုက်ကို လုံံခြုံရေးတပ်တွေ ပိတ်ဆို့ထား

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်က စစ်အကယ်ဒမီ သင်တန်းကျောင်းကို စစ်သွေးကြွတွေက ၂၉ ရက် တနင်္လာနေ့ အစောပိုင်းက တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး အစိုးရတပ်သား ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

မကြာခင် အချိန်က အထိ အစိုးရတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေ နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အဲဒီမှာ အာဖဂန် စစ်သား ၁၀ ယောက် ကျော် လည်း ဒဏ်ရာ ရခဲ့တယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်သွေးကြွ ၅ ယောက် ပါဝင်ခဲ့ကာ အဲဒီထဲက ၄ ယောက် က တိုက်ပွဲတွင်းမှာ သေဆုံးခဲ့ပြီး ၁ ယောက်ကိုတော့ အရှင် ဖမ်းမိခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်သွေးကြွ အဖွဲ့ရဲ့ သတင်းအေဂျင်စီ Amaq ရဲ့ ကြေညာချက်မှာ အခု တိုက်ခိုက်မှုကို အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့က လုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါဟာ ကာဘူးလ်မြို့တော်မှာ အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ရတဲ့ ယမ်းဗုံးတွေ တင်ထားတဲ့ လူနာတင်ယာဉ်တစင်းနဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရ အပြီး ရက်ပိုင်းအတွင်းမှာ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲ အာဖဂန်မှာ အစ္စလာမ်မစ်အဖွဲ့နဲ့ တာလီဘန် အဖွဲ့တွေက တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

အခု စစ်သင်တန်းကျောင်း တိုက်ခိုက်မှုက ကာဘူးလ်မြို့ မြောက်ပိုင်းရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ဒေသစံတော်ချိန် နံနက် အစောပိုင်း ၅ နာရီလောက်မှာ စတင် ဖြစ်ပွားခဲ့တာပါ။

စစ်သွေးကြွတွေမှာ ထိပ်ဖူးတပ် လောင်ချာတွေ အပါအဝင် လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားတယ်လို့ ယုံကြည်ရပါတယ်။

တိုက်ခိုက်သူတွေထဲက ၂ ယောက်က သူတို့ဘာသာ အသေခံ ဗုံးခွဲ သတ်သေသွားခဲ့ပြီး အခြား ၂ ယောက်ကတော့ လုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကာ ကျန် ၁ ယောက်ကိုတော့ လက်ရ ဖမ်းဆီးမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ဒေါလက်ဝေဇီရီက ဘီဘီစီကို ပြောပါတယ်။

အေကေ ၄၉ အမျိုးအစား ပြောင်းရှည် သေနတ် ၄ လက်၊ အသေခံဗုံးခွဲ ဝတ်စုံ ၁ ခုနဲ့ ရော့ကက်လောင်ချာ ၁ လက်ကို သိမ်းဆည်းရရှိတယ်လို့လည်း သူက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ စစ်သင်တန်းကျောင်းရဲ့ ပထမ ဝင်ပေါက် ထက် ကျော်ပြီး ထိုးဖောက်နိုင်ခဲ့ခြင်း မရှိဘူးလို့ အာဖဂန် သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး အာဖဂန် သတင်းဌာန တိုလိုက သူတို့ရဲ့ အွန်လိုင်းစာမျက်နှာမှာ ရေးသားထားပါတယ်။

အာဖဂန် နစ္စတန်မှာ အစိုးရ စစ်တပ်နေရာတွေဟာ စစ်သွေးကြွတွေရဲ့ အမြဲလိုလို ပစ်မှတ်ထား တိုက်ခဲ့တာ ခံရလေ့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ