မျောက်တွေကို စမ်းသပ်မှုကြောင့် ဗောက်စ်ဝက်ဂွန် အရာရှိ အရေးယူခံရ

Image caption ထိပ်တန်း တာဝန်ရှိသူ တစ်ဦးကို ရာထူးကနေ ဆိုင်းငံ့

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက ငွေကြေးထောက်ပံ့တဲ့ စမ်းသပ်မှု တချို့မှာ မျောက်တွေကို ဒီဇယ် ဓာတ်ငွေ့တွေ လွှတ်ပြီး ရှူခိုင်းတာမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ အချက် ထွက်ပေါ် လာခဲ့ပြီး၊ နိုင်ငံတကာရဲ့ ဝေဖန် ရှုတ်ချသံတွေ ဆူညံ လာခဲ့တဲ့ နောက် အခုဆိုရင် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးကို ကုမ္ပဏီက ရာထူးကနေ ဆိုင်းငံ့ လိုက်ပါတယ်။

လေလုံခန်းထဲမှာ မျောက်တွေကို ထားပြီး ဓာတ်ငွေ့တွေ လွှတ်တာမျိုးတွေ လုပ်ဆောင်မယ် ဆိုတာကို သူ့ အနေနဲ့ ကြိုတင် သိထားခဲ့တယ်လို့ အခု တာဝန်က ရပ်နား ခံရတဲ့ ထောမတ်စ် စတက်ဂ်က ဝန်ခံ ခဲ့ပါတယ်။

Image caption ထောမတ်စ် စတက်ဂ် ရာထူးကနေ ဆိုင်းငံ့ခံရ

ဒီလို စမ်းသပ်တာမျိုးဟာ အင်မတန်မှာ စက်ဆုပ်ဖွယ်ကောင်းပြီး ကျင့်ဝတ်နဲ့ မလျော်ညီဘူးလို့ ဂျာမန် ကားကုမ္ပဏီ ဗောက်စ်ဝက်ဂွန်ရဲ့ အမှုဆောင် အရာရှိချုပ် မက်ထေးရပ်စ် မူလာက ပြောပါတယ်။

မျောက်တွေကို ဓာတ်ငွေ့တွေနဲ့ စမ်းသပ်တာဟာ အမေရိကန် ပြည်ထောင်စုထဲမှာ ၂ဝ၁၄ တုန်းက ပြုလုပ် ခဲ့တာ ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့တဲ့ ဂျာမန် သုတေသန အဖွဲ့ကတော့ လက်ရှိ အဖွဲ့ အနေနဲ့ မရပ်တည်ပဲ ပျက်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ သူတို့ထုတ်တဲ့ ဒီဇယ်ကားတွေကနေ ဓာတ်ငွေ့ ပမာဏ ဘယ်လောက် ထုတ်လွှင့် သလဲဆိုတာကို အမှန်တိုင်း မပေါ်အောင် လှည့်ဖျားခဲ့လို ဆိုပြီး ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒဏ်ငွေတွေ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပေးဆောင် ခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ