ကယ်ဆယ်ရေး ယာဉ်တန်းတွေ ဝင်ခွင့်ရဖို့ ကုလ ကြိုးစား

Image caption ၂ဝ၁၅ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေကို ပြန်ရောက်

ဆီးရီးယား နိုင်ငံထဲ လူသားချင်း စာနာနားလည်မှု အကူအညီတွေ ပေးအပ်မှု အရေးတကြီး လိုအပ် လာနေပြန်ပြီ လို့ ကုလသမဂ္ဂက သတိပေး ပြောဆို လိုက်ပါတယ်။

ဒါဟာ ၂ဝ၁၅ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေကို ပြန်ရောက် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးရဲ့ ပိတ်ဆို့တာ ခံနေရတဲ့ ဒေသတွေထဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နှောင်းပိုင်းကစလို့ ဘယ်လို ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေမှ မပေးပို့ နိုင် ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်တဲ့ ယန်း အေဂယ်လန်က ပြောပါတယ်။

ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပို့ပေးနိုင်ဖို့ သံတမန် နည်းလမ်း ကြိုးစားနေတာ မအောင်မြင် နိုင် ဖြစ်နေရတယ် ဆိုပြီးတော့လည်း ဆီးရီးယားအရေး အတွက် ကုလသမဂ္ဂက အထူး တာဝန်ပေး ခန့်အပ်ထားတဲ့ ယန်း အေဂယ်လန်က ဆိုပါတယ်။

ကယ်ဆယ်ရေး ယာဉ်တန်းတွေ ဝင်ခွင့်ရဖို့ ဆီးရီးယား ပြည်တွင်းစစ်ထဲ ပါဝင် ပတ်သက်နေတဲ့ ရုရှား၊ အီရန်နဲ့ တူရကီ နိုင်ငံတွေက ကူညီ ဆောင်ရွက် ပေးကြပါ ဆိုပြီးတော့လည်း မစ္စတာ အေဂယ်လန်က တိုက်တွန်း ခဲ့ပါတယ်။

Image caption တိုက်ပွဲတွေ အားလုံးရပ်မှ ဖြစ်မယ်

ဆီးရီးယားထဲက လက်နက်ကိုင် အုပ်စုတွေကို ကြည့်ရင် အစိုးရ စစ်တပ် နောက်မှာ ရှရှား ရှိနေတာ အပါအဝင်၊ အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ အဖွဲ့၊ တူရကီက ထောက်ပံ့ပေးနေတဲ့ အဖွဲ့ စသဖြင့် အဖွဲ့အသီးသီးရဲ့ နောက်မှာ အဲဒီ နိုင်ငံရပ်ခြား တိုင်းပြည်တွေ ကိုယ်စီ ရှိနေကြတာကြောင့် ဒီတိုင်းပြည်တွေ အနေနဲ့ သူတို့ရဲ့ ဩဇာကို အသုံးပြုပြီး ဆီးရီးယား လက်နက်ကိုင် အဖွဲ့အသီးသီးကို ဖျောင်းဖျခိုင်း နေတာ ဖြစ်ပါတယ်။

လူသာချင်း စာနာနားလည်တဲ့ အထောက်အပံ့တွေ အရေးတကြီးလိုအပ် နေတဲ့ ဒေသတွေဆီ အစားအစာနဲ့ ဆေးဝါးတွေ အပါအဝင် တခြား လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ဆောင် သွားနိုင်ဖို့ရာ ဆီးရီးယား အစိုးရရဲ့ တရားဝင် သဘောတူမှု လိုအပ် နေပါတယ်။

ဒါ့အပြင် တခြား လက်နက်ကိုင် အဖွဲ့တွေဆီကလည်း သယ်ဆောင်တဲ့ ယာဉ်တန်း တွေကို အန္တရာယ် မပြုပါဘူး ဆိုတဲ့ အာမခံချက် ရဖို့လည်း လိုအပ် နေပါတယ်။

ဒီလို ကယ်ဆယ်ရေး အစီအစဉ်တွေ အထမြောက် လာဖို့ ဆိုရင် ဆီးရီးယားထဲ ဆက်လက်ရှိ နေတဲ့ တိုက်ပွဲတွေ အားလုံးရပ်မှ ဖြစ်မယ်လို့လည်း မစ္စတာ အယ်ဂလန်က ထောက်ပြ ပါတယ်။

Image caption ဆေးရုံတွေပါ ဗုံးကြဲခံရ

လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အရှိန်ကို လျှော့ပစ်ဖို့ ကြိုးစားခဲ့ကြတာ ၂ဝ၁၇ တုန်းကတော့ အောင်မြင်မှု အတော်အတန် ရခဲ့ပေမယ့်၊ အခု အခါမှာတော့ ဆေးရုံတွေပါ ဗုံးကြဲခံရ၊ နှစ်ဘက် ပစ်ခတ်မှုတွေ အတွင်း အရပ်သားတွေပါ ကြားထဲက ထိမှန် သေဆုံးရတဲ့ အဖြစ်တွေ ရှိလာ နေပါတယ်။

အစ်ဒ်လစ်ဘ်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆိုရင် လူစည်ကားရာ စျေးတန်း လေကြောင်းကနေ တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် လူ အယောက် ၃ဝ ကျော် သေဆုံး ခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယားထဲက ကာ့ဒ်တွေကို တူရကီ တိုက်ခိုက်

ဆက်စပ် အကြောင်းအရာများ