ဇနီးသည် သေဆုံးခဲ့မှုနဲ့ မင်းသား ရောဘတ် ဝဂ်နာကို ရဲက ခေါ်ယူ စစ်ဆေးဖို့ ရှိ

ဓာတ်ပုံ မူပိုင် PA
Image caption နက်တာလီ ဝုဒ်ကို အသက်ရှင်လျက် နောက်ဆုံးတွေ့တာ သူ့ခင်ပွန်း ရောဘတ် ဝဂ်နာ ဖြစ်တယ်လို့ ရဲက ပြော

မြန်မာ ရုပ်မြင်သံကြား ပရိသတ်တွေအကြားမှာ Hart to Hart ရုပ်သံ ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တဲ့ အမေရိကန် ဟောလီးဝုဒ် မင်းသားကြီး Robert Wagner ကို လွန်ခဲ့တဲ့ ၃၆နှစ်က သူ့ရဲ့ ဇနီးသည် ဟောလီးဝုဒ် မင်းသမီး Natalie Wood သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ရဲက ခေါ်ယူ စစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။

၁၉၈၁ခုနှစ်တုန်းက ကယ်လီဖိုးနီးယား ကမ်းရိုးတန်းနားမှာ ခင်ပွန်းသည် ရောဘတ် ဝဂ်နာ၊ မင်းသား Christopher Walken တို့နဲ့ အပျော်စီး လှေနဲ့ ရွက်လွှင့်သွားနေတုန်း နက်တာလီ ဝုဒ် ပျောက်ဆုံးသွားခဲ့တာပါ။ အဲဒီနောက်မှာ သူ့အလောင်းကို ရေထဲမှာ ပြန်ဆယ်တွေ့ခဲ့ပါတယ်။

အဲဒီတုန်းကတော့ ရေထဲ ပြုတ်ကျခဲ့တဲ့ မတော်တဆမှု အဖြစ် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်မှာတော့ ဒီအမှုကို ပြန်လည် စစ်ဆေးခဲ့ပါတယ်။

နက်တာလီ ဝုဒ် ရေထဲကျပြီး ပျောက်ဆုံးခဲ့တဲ့ ညက သူတို့ ဇနီးမောင်နှံ အငြင်းပွား ရန်ဖြစ်ခဲ့ကြတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ခိုင်မာစေမယ့် အထောက်အထား အသစ်တွေကို ရဲတွေက ဖေါ်ထုတ် တွေ့ထားတယ်လို့ CBS အမေရိကန် ရုပ်မြင်သံကြားဌာနက ပြောပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရောဘတ် ဝဂ်နာက အမျိုးမျိုး ပြောင်းပြောနေတယ်။ သူပြောတာတွေက ယုတ္တိ သိပ်မရှိဘူးလို့ အမှုကို စစ်ဆေးနေတဲ့ ရဲမှူးကြီးက CBS ရုပ်မြင်သံကြားဌာနကို ပြောပြပါတယ်။

ဆက်စပ် အကြောင်းအရာများ