သံတမန်တွေ ကုလ ကိုယ်စားလှယ်တွေရဲ့ ရခိုင်ခရီးစဉ် ရှိနေ

Image caption တောင်ပြိုလက်ဝဲ စခန်း ပြင်ဆင်နေ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒုက္ခသည် ပြန်လည် လက်ခံရေး အတွက် မြန်မာ အစိုးရဘက်က ဆောင်ရွက် ထားတာတွေကို ပြည်တွင်းမှာ ရှိနှင့်ထားတဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေက တာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုခွင့် ရလာဖို့ ရှိနေပါတယ်။

အခု ဖေဖေါ်ဝါရီလ ထဲမှာပဲ နိုင်ငံတကာက သူတွေကို ၃ သုတ် ခွဲပြီး ရခိုင်မြောက်ပိုင်းကို ခေါ်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည် လက်ခံရေး စခန်း ၂ ခုနဲ့၊ ပြန်ဝင်လာသူတွေကို ယာယီ ထားရှိမယ့် ကြားစခန်း ၂ ခုကို သံတမန်နဲ့ ကုလ တာဝန်ရှိသူတွေ လေ့လာ နိုင်ကြမှာ ဖြစ်သလို၊ လမ်းတလျှောက် အခြေအနေတွေကိုလည်း တွေ့မြင်ခွင့်ရကြမှာ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

Image caption ဒုက္ခသည် ပြန်လည် ဝင်ရောက် လာတာမျိုး မရှိသေး
Image caption ကြားစခန်း လှဖိုးခေါင်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်ထဲ အခု အချိန်မှာ လာရောက်တာမျိုး မလုပ်ဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က ပြောကြား ခဲ့တဲ့နောက်၊ ပြည်တွင်းက သံတမန်တွေ ကိုတော့ ကတော့ အခုလို အစိုးရ အစီအစဉ်နဲ့ လေ့လာခွင့် ပေးလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း လုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အပါအဝင် လူမှု-စီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အနေနဲ့ ပါဝင် ကူညီခွင့် ရှိတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ဟာ နိုင်ငံတကာ စံညွှန်စာထား တွေနဲ့ ကိုက်ညီ သလားဆိုတာ အနီးကပ် စောင့်ကြည့်လိုတယ်၊ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် လိုတယ်လို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR က အစဉ်တစိုက် တောင်းဆို နေပါတယ်။

Image caption နယ်စပ်စည်းရိုးအတွက်လည်း ပြင်ဆင်နေ

UNHCR က ဦးစီး ပြုလုပ်မယ့် အလုပ်ရုံ ဆွေးနွေးပွဲလည်း ဖေဖေါ်ဝါရီ ၅ ရက်နဲ့ ၆ ရက် နေ့တွေမှာ နေပြည်တော်မှာ ကျင်းပလာဖို့ ရှိတာကြောင့် UNHCR အနေနဲ့ အဲဒီ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေတွေကို သိခွင့်ရမှာ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ကစလို့ ဒုက္ခသည် လွှဲပြောင်းရေး စတင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူ ထားပေမယ့်လည်း အခုချိန်ထိတော့ ဒုက္ခသည် ပြန်လည် ဝင်ရောက် လာတာမျိုး မရှိသေးပါဘူး။

မြန်မာဘက်က လက်ခံမယ် ဆိုပြီး မွတ်ဆလင်နဲ့ ဟိန္ဒူ ဒုက္ခသည်တွေရဲ့ နာမည်စာရင်းကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဆီ ပေးပို့ ထားပေမယ့်လည်း ဒုက္ခသည် စခန်းတွေထဲ ပြန့်ကြဲ ရှိနေတဲ့ အဲဒီ သူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အချိန်ယူ စုစည်း နေရပုံရတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဆုံဆို့ရောဂါဖြစ်ပွား

ဒီသတင်းနဲ့ပတ်သက်သမျှ