ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ထောင် ၅ နှစ်ကျ

ဓာတ်ပုံ မူပိုင် Allison Joyce
Image caption ရှေ့နေတွေလည်း ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီရာကို အဂတိလိုက်စားမှု စွဲချက်နဲ့ တရားရုံးကနေ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်၊ အတိုက်အခံ ဘီအန်ပီ ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ မစ္စစ် ဇီရာ ဟာ Children Trust အဖွဲ့ကို ပေးလှူတဲ့ နိုင်ငံတကာ ရန်ပုံငွေထဲမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် အခုလို အပြစ်ပေး ခံခဲ့ရတာ ဖြစ်ပါတယ်။

တရားရုံး ထုတ်တဲ့ မြို့တော် ဒါကာမှာလည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသလို လမ်းတွေ ပေါ်မှာ သူ့ ထောက်ခံသူတွေ ရဲ့ ဆန္ဒပြပွဲတွေ ကြောင့် မငြိမ်မသက်ဖြစ် ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် တရားစွဲခံရ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဒုက္ခသည်စခန်းတွေဆီသွား
ဓာတ်ပုံ မူပိုင် AFP
Image caption ထောက်ခံသူတွေ ရဲ့ ဆန္ဒပြပွဲတွေ ကြောင့် မငြိမ်မသက်ဖြစ်

အာဏာ ရှိစဉ်ကာလက အလွဲသုံး

မစ္စက်ဇီယာ ကို စွဲထားခဲ့ ပြီး ရွှေ့ဆိုင်းထားတဲ့အမှုတွေ ထဲက တမှု ဖြစ်တဲ့ အခု ဒီအမှု ကတော့ မိဘမဲ့ ဂေဟာတခုကို နိုင်ငံတကာ က လှူတဲ့ငွေ တွေကို သူ အာဏာ ရှိစဉ်ကာလက အလွဲသုံးတယ် ဆိုတဲ့အမှုပါ။

လန်ဒန်မှာ အဝေးရောက်နေတဲ့ သူ့သားကိုလည်း ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ချပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ယောက် ကိုလည်း ၁ဝ နှစ် စီ ပြစ်ဒဏ်ပေးလိုက်တာပါ။

မစ္စက်ဇီယာ ကတော့ ဒါဟာ နိုင်ငံရေးအရ လုပ်တာ လို့ တရားရုံး ရှေ့မှာ ငိုကြွေးရင်း သူ့ကိုစောင့်နေကြတဲ့ ဆွေမျိုးတွေ ကို သူပြန်လာမယ်၊ ဘာမှမပူနဲ့၊ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ထားလို့ ပြောခဲ့ပါတယ်။

အခုလို ထောင်ဒဏ် ကျသွားတော့ အကျိုးဆက်အရ အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ မစ္စက် ခါလီဒါ ဇီယာ ဟာ ဒီနှစ်ပိုင်းမှာ လုပ်မယ့် ရွေးကောက်ပွဲကို မဝင်နိုင်တော့ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ထောက်ခံသူ ရာနဲ့ချီပြီး ဖမ်းဆီးထား

ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်

ဆုံးပါးခဲ့ပြီဖြစ်တဲ့ အရင်သမ္မတဟောင်း ဇီယာ ရာမန် ရဲ့ ဇနီးဖြစ်တဲ့ သူဟာ ၁၉၉၁ မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထဆုံးသော ဒီမိုကရက်တစ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သူဟာ ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီ ဘီအန်ပီ ကို ခေါင်းဆောင်တဲ့သူပါ။

သူ့နိုင်ငံရေး သက်တမ်းကာလမှာ လာဘ်စားမှုတွေ နဲ့ အကြိမ်ကြိမ် စွပ်စွဲခံရပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း သူနဲ့ အခုအာဏာ လက်ရှိလည်းဖြစ် သူနဲ့ စင်ပြိုင်လည်း ဖြစ်တဲ့ အဝါမီလိခ် ပါတီ က ရှိတ်ဟာဇီနာ တို့ က သူတလှည့် အာဏာရလိုက် ကိုယ့်တလှည့်အာဏာရလိုက် ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ က သူ့အပေါ်စွပ်စွဲတဲ့ တရားရုံး စွဲချက်တွေ ထွက်လာတဲ့အခါမှာ သူ က ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်ပြီး အဲဒီ ကနေတဆင့် ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ် မဲရုံတွေကို မီးရှို့

အခုတော့ မငြိမ်မသက်ဖြစ်နေတဲ့ မြို့တွေ က ကျောင်းတွေ၊ စျေးဆိုင်တွေ ကို တော့ ပိတ်ထားရပြီ လို့ သိရသလို ဘီအန်ပီ ပါတီ ဘက် က အပြောအရ သူတို့ ပါတီ ကို ထောက်ခံသူ ရာနဲ့ချီပြီး ဖမ်းဆီးတာ ခံနေရကြောင်းလည်း သိရပါတယ်။

မစ္စစ် ဇီရာရဲ့ ပါတီက ခေါင်းဆောင်တွေကတော့ ဒါဟာ တရားမျှတမှု မရှိသလို လာမယ့် သောကြာနေ့မှာ ဆန္ဒပြပွဲတွေ ကျင်းပသွားမယ်လို့ ဆိုပါတယ်။