ဆီးရီးယား အစိုးရ သစ္စာခံတပ် တစ်ညအတွင်း ရာကျော် သေဆုံး

Image caption ဒဲရ်အဇောမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရ သစ္စာခံ တပ်ဖွဲ့ဝင်တွေ

ဆီးရီးယား ပြည်တွင်းစစ် အရှိန်မြင့်လာပြန်ပြီး ရုရှားက ကျောထောက် နောက်ခံ ပေးထားတဲ့ သမ္မတ အာဆတ် တပ်တွေက တချို့ အရပ်တွေမှာ အပြင်းအထန် ဗုံးကြဲ နေသလို၊ သူပုန်အဖွဲ့ တချို့ကို ထောက်ပံ့ ပေးနေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အုပ်စုကလည်း တချို့နယ်တွေမှာ လေကြောင်းက တိုက်ခိုက်တာတွေ၊ လက်နက်ကြီး တွေနဲ့ တိုက်တာတွေ ပြုလုပ် နေပါတယ်။

ဒမတ်စ်ကပ်စ် မြို့ပြင်က သူပုန်ထိန်းချုပ် မြေ အရှေ့ ဂူတား အရပ်ကို ဆီးရီးယား အစိုးရတပ်က ဗုံးကြဲလို့ ရက်ပိုင်း အတွင်း အရပ်သား ရာနဲ့ချီ သေခဲ့ရတယ်လို့ အနောက်အုပ်စုက ပြောနေချိန်မှာ ဒဲရ်အဇော ပြည်နယ်မှာ ဆိုရင်လည်း သမ္မတ အာဆတ် အစိုးရအပေါ် သစ္စာခံတဲ့ တပ်က သူတွေ အနည်းဆုံး ၁ဝဝ ဝန်းကျင် အမေရိကန် လက်ချက်နဲ့ သေဆုံး ခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ဆီးရီးယား အရှေ့ပိုင်း၊ ယူဖရေးတီးစ် မြစ်နံဘေးမှာ အစိုးရ သစ္စာခံ တပ်ဖွဲ့ဝင် တချို့ကို ချေမှုန်းလိုက်နိုင်တယ် ဆိုပြီး အမေရိကန်ကလည်း အတည်ပြုပါတယ်။

အမေရိကန်က လူတွေ အစုလိုက် အပြုံလိုက် သတ်ပစ်တာပဲ ဆိုပြီး ဆီးရီးယား အစိုးရကတော့ ပြင်းပြင်းထန်ထန် ပြောဆို ပါတယ်။

Image caption အမေရိကန်က ထောက်ပံ့နေတဲ့ SDF လက်နက်ကိုင်တွေ

ဒါပေမယ့်လည်း အမေရိကန် ပြောတာကတော့ သူတို့ ကူညီ ထောက်ပံ့ ပေးနေတဲ့ သူပုန် အင်အားစုက ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက် ခဲ့လို့ အစိုးရ သစ္စာခံ တပ်တွေ အထိနာသွားတာလို့ ဆိုပါတယ်။

ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု SDF ဆိုတဲ့ မိတ်ဖက် တပ်ပေါင်းစုက အစိုးရ သစ္စာခံတပ်တွေရဲ့ ထိုးစစ်ကို ပြီးခဲ့တဲ့ ညက ခုခံ ကာကွယ်ခဲ့ရတယ်၊ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကလည်း အကူအညီ ပေးခဲ့တယ် ဆိုပြီး ဆီးရီးယားထဲက အမေရိကန် စစ်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ရိုင်ယန် ဒီလွန်က ပြောပါတယ်။

ဆီးရီးယား အစိုးရ အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့ဝင် အင်အား ၅ဝဝ န်းကျင်ဟာ နယ်မြေ မကျူးရ သဘောတူထားတဲ့ မျဉ်းကို ကျော်ဖြတ်ပြီး၊ SDF ဌာနချုပ်ကို တိုက်ခိုက် လာခဲ့တယ်လို့လည်း ဗိုလ်မှူးကြီး ဒီလွန်က ဆိုပါတယ်။

အဲဒီ အစိုးရ သစ္စာခံတပ်တွေဟာ လက်နက်ကြီးတွေ၊ သံချပ်ကာ အမြှောက်ကားတွေနဲ့ ဆက်တိုက် ပစ်လွှတ်နိုင်တဲ့ အဆင့်မြင့် ရော့ကက်ဒုံးကျည်တွေလည်း အသုံးပြု လာတဲ့ အတွက် ခုခံ ခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

Image caption ယူဖရေးတီးစ် အရှေ့ဘက်ကမ်းကို ထိန်းထားတဲ့ အစိုးရ သစ္စာခံတပ်တွေ

အမေရိကန်ကလည်း SDF အဖွဲ့ကို လေကြောင်းပစ်ကူ ပေးခဲ့ပြီး အခင်းဖြစ်ရာ ဗုဒ္ဓဟူး တစ်ညတည်းမှာတင် သမ္မတ အာဆတ် အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့ဝင် ရာနဲ့ချီ သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘက်က ထုတ်ပြောတဲ့ အထဲမှာ သေဆုံးသွားတဲ့ သူတွေထဲမှာ ရုရှား လက်နက်ကိုင်တွေလည်း ပါတယ်လို့ ဆိုတဲ့ အတွက်၊ ဒီအချက်သာ မှန်မယ်ဆိုရင် ဒါဟာ ဆီးရီးယားထဲမှာ အမေရိကန် လက်ချက်နဲ့ ရုရှား ဘက်က အကျအဆုံး စရှိ လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှား တစ်ဘက်နဲ့တစ်ဘက် တိုက်ရိုက် တိုက်ခိုက်တာမျိုး မဖြစ်အောင်၊ ဆီးရီးယားထဲမှာ အဲဒီ အင်အားကြီး ၂ နိုင်ငံကြား ဆက်သွယ်ရေး လိုင်းတွေ ၂၄ နာရီ ပတ်လုံး ဖွင့်ထားမြဲ ဖြစ်တယ်လို့ သံတမန်ရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျွန်နသန် မားကပ်စ်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အရှေ့ဂူတာမှာ အစာနဲ့ ဆေးဝါး ရှားပါး

အခု အဖြစ်အပျက်မှာလည်း အဲဒီ လိုင်းကို အမေရိကန်က အသုံးပြုခဲ့ပြီး ရုရှားဘက်က မီးစိမ်းပြ ခွင့်ပြုလို့သာ အမေရိကန်က တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်က တော့ ပြောနေပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဌာနကတော့ ဒဲရ်အဇော လူရာချီ သေဆုံးမှု အတွက် ကုလသမဂ္ဂထံ စာရေးသား တိုင်ကြား ထားပြီး နိုင်ငံတကာ အနေနဲ့လည်း အမေရိကန် အပေါ် ရှုတ်ချ ပြစ်တင်သင့်တယ်လို့ ရေးသားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ