ဆီးရီးယားမှာ သံတမန်နည်း ကယ်ဆယ်ရေး အလုပ်မဖြစ်

အရှေ့ဂူတာ၊ ဆီးရီးယား၊ ကယ်ဆယ်ရေး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အရှေ့ဂူတာကို ဆီးရီးယား စစ်လေယာဉ်တွေက ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်နေဆဲ

ဆီးရီးယားနိုင်ငံမှာ သံတမန်နည်းနဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးရေးဟာ လုံးဝ အလုပ်မဖြစ်နိုင်တော့ဘူးလို့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် လည်းဖြစ် ဆီးရီးယားနိုင်ငံ ဆိုင်ရာ ဌာနေ ကယ်ဆယ်ရေး ညှိနှိုင်း ဆောင်ရွက်ရေးမှူးလည်း ဖြစ်တဲ့ Panos Moumtzisက ဘီဘီစီကို ပြောပါတယ်။

ဒမာ့စကပ်စ်မြို့တော်နားက အရှေ့ ဂူတာမှာ အခြေအနေတွေဟာ အလွန်အမင်း ဆိုးဝါးနေတယ်လို့ သူက ပြောပါတယ်။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲဒီမြို့ကို ဆီးရီးယား စစ်လေယာဉ်တွေက ပစ်မှတ်ထား တိုက်ခိုက်နေတာ ၅ရက် ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ နောက်ထပ် ပန်ကြားမှုတွေ ရှိနေတဲ့ကြားက အရှေ့ ဂူတာမြို့ ပိတ်ဆို့ ခံထားရဆဲ ဖြစ်ပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါး အထောက်အပံ့တွေ ပြတ်လပ်လုနီးပါး ဖြစ်နေပါပြီ။

လူ ၇၀၀လောက်ဟာ ဆေးကုသဖို့ အရေးပေါ် ကယ်ထုတ်ပေးဖို့ လိုနေတယ်လို့ မစ္စတာ မွန်န်စီးစ် က ပြောပါတယ်။

အစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ၂၀၀လောက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေ ဆိုင်းငံ့ထားဖို့ ကြာသပတေးနေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ တောင်းဆိုခဲ့ကြပေမယ့် ဒါဟာ လက်တွေ့မကျဘူး ဆိုပြီး ရုရှားက ပယ်ချခဲ့ပါတယ်။