အစ္စရေး တိုက်လေယာဉ် ပျက်ကျအပြီး ဆီးရီးယားကို တုံ့ပြန် တိုက်ခိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပျက်ကျခဲ့တဲ့ အစ္စရေး F-16 တိုက်လေယာဉ်

ဆီးရီးယားမှာရှိတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ အီရန်စစ်စခန်းတွေ အပါအဝင် စုစုပေါင်း ပစ်မှတ် ၁၂ ခုကို ဦးတည်ပြီး ကြီးမားတဲ့ စစ်ဆင်ရေးတခု လုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် ဆီးရီးယားမြို့တော် ဒမတ်စကက်အနီးက ဆင်ခြေဖုံးဒေသတွေမှာ သာမက ဂျော်ဒန်နဲ့ ဆီးရီးယားနယ်စပ်တွေမှာ လေကြောင်း လှုပ်ရှားမှုနဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ အစ္စရေး F-16 တိုက်လေယာဉ်တစင်းဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆီးရီးယားလေကြောင်း ကာကွယ်ရေးဘက်က အပြင်းအထန် ပစ်ခတ်မှုကြောင့် အစ္စရေးမြောက်ပိုင်းမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစ္စရေးလေတပ်က F-16 တိုက်လေယာဉ်တစင်း

ဒါဟာ ဆီးရီးယား ပဋိပက္ခအတွင်း ပထမဆုံး အစ္စရေး တိုက်လေယာဉ် ပျံကျတာလို့လည်း ယူဆမှုတွေ ရှိပြီး ၂၀ဝ၆ ခုနှစ်မှာ ဟစ်ဇ်ဘိုလာ ဒုံးကျည်ကြောင့် ၅ ဦး သေဆုံးခဲ့ရတဲ့ အစ္စရေး စစ်ရဟတ်ယာဉ် ပျက်ကျပြီးနောက်ပိုင်း ပထမဆုံး စစ်လေယာဉ် ပျက်ကျမှုလည်း ဖြစ်ပါတယ်။

အခုလို ပျက်မကျခင်မှာ လေယာဉ်မောင်း ၂ ဦးက လေထီးနဲ့ ခုန်ဆင်းနိုင်ခဲ့ပေမယ့် တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီလေယာဉ်ဟာ အစ္စရေးလေပိုင်နက်ထဲကို ဝင်လာပြီး ပစ်ချခံခဲ့ရတဲ့ အီရန်မောင်းသူမဲ့ လေယာဉ်ထွက်လာတဲ့ နေရာကို တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဘက်က ပြောဆိုထားပါတယ်။

အခုလို အစ္စရေးက ပစ်ချအပြီးမှာ အီရန်ဟာ မီးနဲ့ ကစားသလို လုပ်နေတယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့ပေမယ့် ထပ်ပြီး တိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

အီရန်တော်လှန်ရေး အစောင့်တပ်ရဲ့ ဒုတိယခေါင်းဆောင်ကတော့ ဒီအီရန် မောင်းသူမဲ့ လေယာဉ် ပစ်ချမှုကို အတည်မပြုခဲ့ပဲ ဆီးရီးယားနဲ့ ပူးတွဲကြေညာချက်မှာလည်း ဒီ မောင်းသူမဲ့ လေယာဉ်က အစ္စရေး လေပိုင်နက်ထဲကို မဝင်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အစ္စရေးဘက်ကတော့ နောက်ပိုင်းမှာ အဲဒီ အီရန် မောင်းသူမဲ့ယာဉ်ကို ပစ်ချထားတဲ့ ရုပ်သံ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။

ဆီးရီးယားကတော့ နောက်ပိုင်း ပျက်ကျခဲ့တဲ့ အစ္စရေး လေယာဉ် ဝင်ရောက်မှု အပြီးမှာ အစ္စရေးဟာ ကြမ်းကြမ်းတမ်းတမ်း ရန်စနေတယ် ဆိုပြီး ပြောဆိုထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဂိုလန်ကုန်းမြင့်က မြင်ရတဲ့ ဆီးရီးယားရဲ့ လေကြောင်း ပစ်ခတ်မှု

သူတို့ရဲ့ ပစ်ခတ်မှုကြောင့် အစ္စရေး လေယာဉ် တစီးထက်ပိုပြီး ထိခဲ့တယ်လို့လည်း ဆီးရီးယားစစ်တပ်ကို ကိုးကားပြီး ဆီးရီးယားနိုင်ငံပိုင် မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထိန်းထိန်သိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားပြီး ဆီးရီးယားမှာ စခန်းချထားတဲ့ ရုရှားစစ်သားတွေကို အသက် အန္တရာယ် ခြိမ်းခြောက်လာမှာကိုလည်း စိုးရိမ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆီးရီးယားသမ္မတ ဘာရှာ အယ် အာဆတ်ကို အဓိက ထောက်ပံ့နေတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အီရန်ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဆီးရီးယားကို စစ်ရေး အကြံပေးတွေ၊ စစ်သွေးကြွတွေနဲ့ တပ်သားတွေကို လက်နက် အကူအညီနဲ့တကွ စေလွှတ်နေပြီး ဆီးရီးယားအစိုးရဘက်ကနေ တိုက်ခိုက်ပေးနေတဲ့ လက်ဘနွန်စစ်သွေးကြွတွေကိုလည်း လက်နက် ထောက်ပံ့မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

အစ္စရေးဘက်ကလည်း ဟစ်ဇဘိုလာတွေဆီကို အဆင့်မြင့် ဒုံးကျည်တွေ ရောက်မသွားဖို့အတွက် ဆိုပြီး ဆီးရီးယားက လက်နက်သိုလှောင်ရုံနဲ့ တခြား စစ်ရေးအဆောက်အဦတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ယခင် ကတည်းက ပြုလုပ်နေတာ ဖြစ်ပါတယ်။

အီရန်ဟာ ဆီးရီးယားမှာ ဒုံးကျည်စက်ရုံဆောက်တဲ့အထိ လုပ်နိုင်တယ်လို့ စွပ်စွဲမှုတွေ ရှိတဲ့အတွက် စစ်ရေး ပဋိပက္ခတွေမှာ အီရန်လည်း တိုက်ရိုက်ပါဝင် လာနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျော်နသန် မားကပ်စ်က သုံးသပ်ထားပါတယ်။