ဆီးရီးယားကို အစ္စရေးက လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲဝင် အစ္စရေး တိုက်လေယာဉ်တစီး

ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပေးနေတဲ့ စစ်စခန်းက လက်နက်စက်ရုံကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ပါတယ်။ ဗုံးကြဲပြီး အပြန်မှာ အစ္စရေး လေယာဉ်တစီးကို အီရန်အားပေးကူညီနေတဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက ဒုံးကျည်နဲ့ ပစ်ချလိုက်ပြန်ပါတယ်။

အစ္စရေးတို့ရဲ့ F-16 တိုက်လေယာဉ် တစီးဟာ အပစ်ချခံရပြီးနောက် အစ္စရေးပိုင်နက်ထဲမှာ ပျက်ကျသွားခဲ့ပါတယ်။

အစ္စရေးတို့ကတော့ အီရန်ရဲ့ ဒရုန်းလို့ခေါ်တဲ့ လူမဲ့လေယာဉ်ငယ်တစီးဟာ အစ္စရေး ဝေဟင်ပိုက်နက်ထဲကို ဝင်ရောက်လာခဲ့ပြီး ဆီးရီးယားသူပုန်တွေက ပစ်ချလိုက်တဲ့အခါ အစ္စရေးမြောက်ပိုင်းတနေရာမှာ ပျက်ကျခဲ့တယ်လို့ဆိုပါတယ်။ အဲသလို အစ္စရေးနယ်ကို ကျူးကျော်ခဲ့လို့အစ္စရေးက အီရန်ကျောထောက်နောက်ခံပြုတဲ့ စစ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

အစ္စရေးကနေ အီရန်ကျောထောက်နောက်ခံပြုတဲ့ စစ်စခန်းထဲက လက်နက်စက်ရုံကို တိုက်လေယာဉ် ၈ စီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်မှာ တစီးပစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရဘက်က နှစ်စီးပစ်ချနိုင်ခဲ့တယ်လို့ ကြေညာပေမယ့် အစ္စရေးကတော့ တစီးပဲပစ်ချခံခဲ့ရတာလို့ ဆိုပါတယ်။

အဲသလို ပစ်အချခံခဲ့ရပြီးနောက်မှာ အစ္စရေးဘက်က အီရန်ကျောထောက်နောက်ခံပြုတဲ့ စခန်း ၄ ခုနဲ့ ဆီးရီးယားလေကြောင်း စခန်း ၈ ခုကိုပါ အကြီးအကျယ် တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆီးရီးယားနိုင်ငံထဲမှာ အီရန်တွေ စစ်ရေးခြေကုတ်ယူထားတာဟာ အန္တရာယ်ကြီးတယ်လို့ သူသတိပေးခဲ့ဖူးကြောင်း ပြောပါတယ်။ အီရန်ဟာ အစ္စရေးကို တိုက်ခိုက်ဖျက်ဆီးဖို့ ဆီးရီးယားနယ်မြေကို အသုံးပြုနေတာ ဖြစ်ကြောင်း ဒီမနက်မှာ အီရန် ဒရုန်းလေယာဉ်ငယ်ဟာ အစ္စရေး အချုပ်အချာ အာဏာကို ကျူးကျော်ခဲ့တာကိုကြည့်ရင် သူ့သတိပေးချက်ဟာ ရာနှုန်းပြည့်မှန်ကန်နေတယ်လို့ ဆိုပါတယ်။

အီရန်ကတော့ သူတို့ ဒရုန်းယာဉ်ငယ်ဟာ အစ္စရေးဝေဟင် ပိုက်နက်ထဲရောက်သွားခဲ့ တယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

အီရန်ဟာ ဆီးရီးယားပြည်တွင်းပဋိပက္ခဖြစ်စဉ်မှာ ဆီးရီးယား အစိုးရကို အကူအညီပေးနေတာဖြစ်ပါတယ်။ ဆီးရီးယားအစိုးရကို လက်နက်အထောက်အကူ ပေးနေသလို ဆီးရီးယားအစိုးရကို ကူညီတိုက်ခိုက်ပေးနေတဲ့ ဟစ်ဇဘိုလာ တွေကိုလည်း လက်နက် အထောက်အကူပေးနေပါတယ်။ ဟစ်ဇဘိုလာနဲ့ အီရန်ဟာ အစ္စရေးရဲ့ မဟာရန်သူတော်ကြီးတွေဖြစ်ကြပါတယ်။

အီရန်ဟာ ဆီးရီးယားမှာ စစ်စခန်းအခြေစိုက်ဖို့ ကြိုးစားနေတယ်လို့လည်း အစ္စရေးက စွပ်စွဲပါတယ်။

ဆီးရီးယားအစိုးရရုပ်မြင်သံကြားဌာနမှာ အလုပ်လုပ်နေတဲ့ သတင်းသမားတယောက်ဖြစ်သူ အလာအီဘရာဟင်မ်ကတော့ ဆီးရီးယား အနေနဲ့ မလွှဲမရှောင်သာတဲ့အတွက် အခုလို အစ္စရေးလေယာဉ်ကို ပစ်ချခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာကတော့ အခုလို အစ္စရေးပါလာတဲ့အတွက် ဆီးရီးယားအရေးအခင်းဟာ ပိုပြီးကျယ်ပြန့်ဆိုးဝါးလာမှာကို စိုးရိမ်ပူပန်ကြပါတယ်။

ရုရှားက ဆီးရီးယားအရေးနဲ့ ဆက်စပ်ပြီး ထိပ်တိုက်တိုးမှု အသစ်တွေ ထပ်ပြီး ဖြစ်မလာအောင် ရှောင်ရှားကြဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ဖုန်းဆက်ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုကတော့ အီရန်က ဆီးရီးယားမှာ စစ်အခြေစိုက်စခန်းလုပ်မှာကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ အမေရိကန်က အစ္စရေးရဲ့ စိုးရိမ်ပူပန်မှုကို သူတို့မျှဝေနာလည်းနိုင်ပါတယ်လို့ ဆိုပါတယ်။