ရုရှားလေယာဉ် ပျက်ကျတာ အကြမ်းဖက်မှုနဲ့ ပတ်သက် နိုင်ဖွယ်မရှိ

ဓာတ်ပုံ မူပိုင် EPA
Image caption နှင်းတွေဖုံးနေတဲ့နေရာမှာ အပျက်အစီးနဲ့ ခန္ဓာ အစိတ်အပိုင်းတွေရှာရတာ မလွယ်ကူ

ရုရှားနိုင်ငံ မော်စကိုမြို့နားမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျသွားလို့ လေယာဉ်ပေါ် လိုက်ပါသွားသူ တဲ့သူ ၇၁ ယောက်လုံး သေဆုံးခဲ့ပါ တယ်။

လေယာဉ်ပျက်ကျတဲ့ နေရာမှာ ရှာဖွေရေးတွေ ပြုလုပ်ပြီး လေယာဉ် ပျက်ကျတဲ့ အကြောင်းရင်း ကို စုံစမ်းစစ်ဆေး နေပါတယ်။

ဖေဖောဝါရီလ ၁၁ ရက် ဒေသ စံတော်ချိန် နေလယ် ၂ နာရီခွဲက မော်စကိုမြို့ ဒိုမိုဒယက် ဒါဗာ Domodedovo လေဆိပ် ကနေ အော့စ် Orsk ကို အသွားမှာ လေယာဉ် ပျံသန်းပြီး မိနစ်ပိုင်း အတွင်း ပျက်ကျ ခဲ့တာ ဖြစ်ပါတယ်။

၇ နှစ် သက်တမ်းရှိတဲ့ Antonov An-148 လေယာဉ်ဟာ ပျံတက်ပြီး နောက်မှာ အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေ မရခဲ့ပါဘူး။

အဲဒီ လေယာဉ်ကို မောင်းနှင်သူက နာရီ ၅ ထောင်နီးပါး ပျံသန်းမှု မှတ်တမ်း ရှိပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ လေယာဉ်မှူး ဖြစ်ပါတယ်။

လေယာဉ် မီးလောင်ပြီး မြေပြင်ပေါ် ကျလာတာကို မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ရုရှားမီဒီယာကို ပြော ပါတယ်။

အခုတော့ လေယာဉ်ပျက်ကျခဲ့တဲ့ ၇၄ ဧက နီးပါး နေရာမှာ လူ ၇၀၀ လောက်က ပိုက်စိပ်တိုက် ရှာဖွေနေကြရာမှာ လေယာဉ် ပျံသန်းမှု မှတ်တမ်း (Black Box)တွေကို ရရှိထား ပါတယ်။

လောလောဆယ်မှာ သေဆုံးသူ တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ၂၀၀ လောက်ကို တွေ့ရှိ ထားပြီး ဖြစ်ကြောင်းနဲ့ အားလုံးရဲ့ အလောင်းတွေကို ပြန်တွေ့ဖို့ တစ်ပတ်နီးပါး ကြာနိုင် တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာန ကလည်း လေယာဉ်ပေါ် ပါသွားတဲ့သူတွေရဲ့ ကျန်ရစ်သူ ဆွေမျိုး သားချင်းတွေရဲ့ DNA နမူနာတွေကို လိုက်လံ စုစည်း နေတယ်လို့ ပြောပါတယ်။

လေယာဉ် ပျက်ကျတဲ့အကြောင်းရင်းက ဟာ ရာသီဥတု ဆိုးရွားလို့လား၊ လူကြောင့်လား ဒါမှ မဟုတ် စက်ပစ္စည်းချို့ယွင်းမှုကြောင့်လား ဆိုတာ ရုရှားက တာဝန်ရှိသူတွေက စုံစမ်းလေ့လာ သုံးသပ် နေကြပြီး အကြမ်းဖက်မှုနဲ့ မပတ်သက်နိုင်ဘူးလို့ ပြောဆိုပါတယ်။