ဇူးမား ဆင်းမပေးရင် အယုံအကြည်မရှိ အဆို အတင်ခံရမယ်

Image caption ပုံမှန်အတိုင်း ဆိုရင် သမ္မတ သက်တမ်း နောက်နှစ် အကုန်အထိ ကျန်နေသေး

တောင်အာဖရိက နိုင်ငံမှာ သမ္မတ ဂျက်ကော့ဘ် ဇူးမား ရာထူးကနေ နှုတ်ထွက်ပေးဖို့ သူ့ရဲ့ ပါတီကိုယ်တိုင် တရားဝင် တောင်းဆို လိုက်ပြီ ဖြစ်ပါတယ်။

အာဖရိကန် အမျိုးသား ကွန်ဂရက်စ် ပါတီ ANC ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ အကြိတ်အနယ် အချိန်ယူ ဆွေးနွေးခဲ့ကြပြီး တဲ့နောက်၊ မစ္စတာ ဇူးမားကို သမ္မတ နေရာကနေ ဖယ်ပေးပါ ဆိုတဲ့ တရားဝင် တောင်းဆိုမှု ထွက်လာတာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ် အရွယ် သမ္မတ ဇူးမား ကတော့ နေရာကနေ ဖယ်မပေး နိုင်ဘူး ဆိုပြီး အရင်ကတည်းက ပြောဆို ထားနှင့်ပြီး ဖြစ်ပါတယ်။

အခုလို ANC ပါတီက တရားဝင် တောင်းဆိုလာတဲ့နောက်၊ မစ္စတာ ဇူးမား အနေနဲ့ ဆက်ပြီး သမ္မတ ရာထူး နေရာကို ဆုပ်ကိုင်ထားဦးမယ် ဆိုရင်တော့ တောင်အာဖရိက ပါလီမန်ထဲ အယုံအကြည် မရှိ အဆို အတင်ခံ ရတော့မှာ ဖြစ်ပါတယ်။

အယုံအကြည် မရှိ အဆို မဲခွဲလာမယ် ဆိုရင် မစ္စတာ ဇူးမား ရှုံးဖွယ်ရာ ရှိနေပါတယ်။

Image caption ပါတီ အတွင်းရေးမှူး အေ့စ် မာဂါရှူးလေး

၂ဝဝ၉ ခုနှစ် ၊ သမ္မတ ရာထူးကို စတင် ရယူခဲ့တဲ့ နောက်ပိုင်း မစ္စတာ ဇူးမားဟာ ခြစား အကျင့်ပျက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ အကြိမ်ကြိမ် ကြုံခဲ့ရပေမယ့်၊ သူ့ရဲ့ ရာထူးကို မထိခိုက် ရလေအောင် ရှောင်လွှဲ နိုင်ခဲ့ပါတယ်။

ဒီ တစ်ကြိမ်မှာတော့ မလွယ်တော့ဘူး ဆိုပြီး လေ့လာသူတွေက တညီတညွတ်ထဲ ယူဆ နေပါတယ်။

ANC ပါတီက မစ္စတာ ဇူးမားကို သူတို့ ပါတီရဲ့ ခေါင်းဆောင် နေရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ကတည်းက ဖယ်ရှား ခဲ့ပြီး၊ Cyril Ramaphosa ကို အစားထိုး ခန့်ခဲ့ပါတယ်။

ANC ပါတီက မစ္စတာ ဇူးမားကို ရာထူးကနေ ဆင်းခိုင်းတဲ့ ဆုံးဖြတ်ချက်စာကို ပါတီ အတွင်းရေးမှူး အေ့စ် မာဂါရှူးလေးက သမ္မတ အိမ်တော်ကို သွားပြီး မစ္စတာ ဇူးမားကို လက်ရောက် ပို့ဆောင် ခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက် အပေါ် မစ္စတာ ဇူးမား ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာ မသိရသေးသလို၊ သမ္မတရုံးကလည်း တရားဝင် ပြောဆိုတာမျိုး မရှိသေးပါဘူး။

Image caption အယုံအကြည် မရှိ အဆို မဲခွဲလာမယ် ဆိုရင် မစ္စတာ ဇူးမား ရှုံးဖွယ်ရာ ရှိနေ

ANC ပါတီဘက်က သူတို့ ဆုံးဖြတ်ချက်ကို တရားဝင် သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန်ပေးမယ်လို့ ပြောထားပေမယ့်၊ သတ်မှတ် ထားတဲ့ အချိန်မှာ သတင်းစာ ရှင်းလင်းပွဲ မလုပ်ပဲ ကြန့်ကြာ နေတယ်လို့ ဂျိုဟန်စ်နက်စ်ဘတ်ဂ်မှာ ရှိတဲ့ ဘီဘီစီသတင်းထောက် လီဘို ဒီဆက်ကိုက ပြောပါတယ်။

သမ္မတ ဇူးမားအနေနဲ့ ပါတီရဲ့တောင်းဆိုချက်ကို လိုက်နာဖို့ ဥပဒေကြောင်းအရ တာဝန်မရှိပါဘူး။

ဒါပေမယ့် သမ္မတ ဇူးမား အပေါ် အယုံအကြည် မရှိ မဲခွဲဖို့ရာ ဖေဖေါ်ဝါရီ ၂၂ ရက် ကျရင် ကျင်းပဖို့ စီစဉ်ထားတဲ့ ပါလီအန် အစည်းအဝေးကို စောပြီး ပြုလုပ်လာဖွယ် ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်အာဖရိက သမ္မတ တာဝန်က နှုတ်ထွက်ပေးဖို့ ငြင်းဆန်

ဆက်စပ် အကြောင်းအရာများ